ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဆေးဝါးများအား ဆရာတော်များထံ ဆက်ကပ်လှူဒါန်း  

ကျောက်ဖြူ   ဇူလိုင် ၃၁

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ နဂါးကျောင်း ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဆေးဝါး များအား ဆရာတော် အရှင်သူမြတ်များထံသို့ ဆက်ကပ်လှူဒါန်းကြသည်။

ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်အတူ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ နဂါးကျောင်းပရိယတ္တိ စာသင်တိုက်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဆေးဝါးများ ဆက်ကပ်လှူဒါန်းရာ အခမ်းအနားကိုနမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နဂါးကျောင်းတိုက်ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစက္ကိန္ဒာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများမှ ဆရာတော်အရှင်သူမြတ်များကို ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ ဆေးဝါးများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြပြီး ယပ်လှဲကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကတဇ၊ ဘဒ္ဒန္တ စက္ကိန္ဒ၊ နိုင်ငံတော်သံဃာ့ မဟာနာယက(ငြိမ်း) ဆရာတော် အရှင်သူမြတ်က  လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး  ‘ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု’ သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်း ခဲ့သည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့သန့်ရှင်းသာယာလှပရေးအတွက် မြို့အဝင် ပွိုင့်ကမ်းခြေနေရာမှ ဉီဉတ္တမပန်းခြံအထိ ပင်လယ်ကမ်းခြေ တစ်လျှောက်ပေါက်ရောက်နေသည့် ခြုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များအား ကျောက်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ ဝန်ထမ်းများမှ စုပေါင်း သန့်ရှင်းရေး ပြုလုပ်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)