မအီ ဇူလိုင် ၃၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မအီနယ်မြေရဲစခန်းမိသားစု စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ နယ်မြေရဲစခန်း ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဖော်ပြပါ စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို မအီနယ်မြေရဲစခန်းမှူး ရဲအုပ်ချစ်ထွန်း၏ဦးဆောင်မှုဖြင့် နယ်မြေရဲစခန်း တပ်ဖွဲ့ဝင်မိသားစုများ စုပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုပူဇော်ပြီး အင်တောင်ကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တကေသရထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရခြင်း၏ အကျိုးတရားတော်အား နာယူခဲ့ကြသည်။ ဆက်လက်ပြီး ဆရာတော်သံဃာတော်များက အန္တရာယ်ကင်းပရိတ်ပဌာန်း တရားတော်များအား ရွတ်ပွားသရဇ္ဈာယ်ပူဇော်ခဲ့ကြပြီး နယ်မြေရဲစခန်းမှူး ရဲအုပ်ချစ်ထွန်းနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် အင်တောင်ကျောင်းတိုက်၊ ပဓာန နာယကဆရာတော်ထံ၌ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားအပြီးတွင် ဆရာတော်သံဃာတော်များအား မအီနယ်မြေရဲစခန်းမှူး ရဲအုပ်ချစ်ထွန်းနှင့် တပ်ဖွဲ့ဝင်မိသားစုများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။
မောင်မောင်ဌေး(ပြန်/ဆက်)