ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ရခိုင်ပြည်နယ်၏ ပုစွန်သားပေါက်လိုအပ်ချက်များကို ရာသီအမီ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်တွေ ဇူလိုင် ၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်၏ ပုစွန်သားပေါက် လိုအပ်ချက်များကို ရာသီအမီ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်မျာကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာအနီး၌ ငါးလုပ်ငန်းဦးစီးဌာန၏ ပေါက်တောမြို့နယ်၊ စိုးမဲကျီ(ပြောင်းရွှေ့) အောင်တိုင်ရေငန်ပုစွန်သားပေါက်စခန်းသို့ သွားရောက်ပြီး ပုစွန်သားပေါက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် ပုစွန်သားပေါက်များ ပိုမိုထုတ်လုပ်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပုစွန်သားပေါက်စခန်းတာဝန်ခံ ဦးမိုးဆွေက သားဖောက်စခန်းအတွင်း ပုစွန်သားပေါက်ကန်၊ ပိုးသတ်ကန်နှင့် မျိုးဖောက်ဆောင်ကို လိုက်လံရှင်းလင်းပြသည်။ ဆက်လက်၍ ပုစွန်သားပေါက်စခန်းတာဝန်ခံက ပုစွန်မွေးတောင်သူများအတွက် လိုအပ်လျက်ရှိသော အရည်အသွေး ပြည့်ဝသည့် ရေငန်ပုစွန်သားပေါက်များကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရေး၊ ကျေးလက်ဒေသများတွင် တပိုင်တနိုင်သားပေါက် ထုတ်လုပ်လာနိုင်ရေးအတွက်  နည်းပညာများ ဖြန့်ဖြူးပေးနေမှုအခြေအနေများ၊ သားပေါက်စခန်းအတွင်း ပုစွန်သားပေါက်နေမှုနှင့် ထပ်မံတို့ချဲ့ဆောင်ရွက်မည့် အခြေအနေများ၊ ဆိုင်ကလုန်း မုန်တိုင်း (မိုခါ) တိုက်ခတ်မှုဒဏ်ကြောင့် စခန်း အတွင်း အဆောက်အဦများ ထိခိုက်ပျက်စီးမှုများအား ပြုပြင်ထားရှိမှုနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်တင်စောက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သားပေါက်ရာသီအမီပြုပြင်နိုင်ရေးနှင့် ဘဏ္ဍာရေးစည်း မျည်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး မှာကြားပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေချမ်းပြင်ရေငန်ပုစွန်သားပေါက်စခန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးကြရာ စခန်းတာဝန်ခံ ဦးကျော်ထွန်းဇံက ရေချိုပုစွန်များ သားဖောက်ရန် စမ်းသပ် ဆောင်ရွက်နေမှု၊ ဒေသမျိုး ရေချိုပုစွန် သားလောင်းများအား ရန်ကုန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တင်ပို့ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြပြီး စခန်းအတွင်း ဆလားဗီးယား ငါးသားပေါက်များ မွေးမြူထားရှိမှုတို့ကို လှည့်လည်ပြသသည်။

စစ်တွေမြို့နယ် အောင်တိုင်ရေငန်ပုစွန်သားပေါက်စခန်းတွင် ပုစွန်သားပေါက် ၂ သန်းထုတ် လုပ်နိုင်ပြီး ရေချမ်းပြင်သားပေါက်စခန်းတွင် ၃ သန်းထုတ်လုပ်နိုင်မည်ဖြစ်ရာ ဒုတိယဝန်ကြီးက ရာသီအမီထုတ်လုပ်နိုင်ရေး ကြိုးစားလုပ်ဆောင်ကြရန် မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ ပျားလေချောင်းကျေးရွာ၌ တောင်သူပညာပေး သရုပ်ပြသမည့် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးရန်ဆောင်ရွက်နေမှု၊ ထွန်စက်မှ တိုက်ရိုက် အစေ့ချ စနစ်ဖြင့် စိုက်ပျိုးရန်ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောင်မင်္ဂလာကျေးရွာအနီးတွင် ဥစားကြက် မွေးမြူရေးတောင်သူ ဦးမောင်စံမြ၏ ကြက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးကြရာ မွေးမြူရေးလုပ်ငန်းရှင်က ဥစားကြက်မွေးမြူထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဇီဝလုံခြုံမှုအလေးထားရန်၊ ယခုပုံစံမှ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (GAHP)နှင့်အညီ မွေးမြူနိုင်သော ခြံအဖြစ် တဖြည်းဖြည့်းနှင့် အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်မှာကြားပြီး ကြက်ခြံ၏ဇီဝလုံခြုံရေးအတွက် အသုံးပြုရန် ခြံဖျန်းပိုးသတ်ဆေးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမျိုးသန့်ခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြရာ စိုက်ပျိုးရေး ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် အုန်းသီးနှံတိုးချဲ့စိုက်ပျိုးမည့် အစီအစဉ်နှင့် အုန်းသီးစုဆောင်းထားရှိမှု၊ ပျိုးထောင်ထားရှိမှုအခြေအနေများ၊ အထွက်နှုန်းကောင်းသည့် ဒေသနှင့် ကိုက်ညီသည့် မျိုးစပါးများ ပျိုးထောင်ထားရှိမှုတို့ကို လိုက်လံရှင်းလင်းပြသသည်။

စစ်တွေမျိုးသန့်ခြံတွင် အုန်းသီနှံ ၅၅၀၁ လုံးပျိုးထောင်ထားရှိပြီး ရခိုင်ပြည်နယ် တစ်ခုလုံးအနေဖြင့် အုန်းသီး ၃၄၆၀၀ ပျိုးထောင်ထားရှိလျက်ရှိသည်။ အလားတူ မျိုးသန့်ခြံတွင် ဒေသနှင့်သင့်တော်မည့် ဆားငန်ဒဏ်ခံ ဆင်းသွယ်လတ်၊ ရွှေအာဆီယံ၊ ပြည်မြန်မာစိန်၊ ဆားငန်ခံ -၅၊ ဆားငန်ခံ - ၆၊ ဧရာမောင်၊  ရွှေပြည်မင်း၊ ရွှေပြည်ဝင်း၊ (YSTR-12)ဝိုင်အက်စ်တီအာ -၁၂နှင့် (GW-11)ဂျီဒဘလှူ - ၁၁ စပါးများကို စမ်းသပ်ရှာဖွေ ပျိုးထောင်စိုက်ပျိုးထားရှိလျက်ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)