ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်း ဆောင်ရွက်

စစ်တွေ ဇူလိုင် ၁၈

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းပြားမြို့ ရာမောင်ခန်းမတွင် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် မင်းပြားမြို့နယ် ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ်ခင်ဇော်က ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် ရှင်းလင်းဆောင်ရွက်ထားရှိမှုနှင့် ကယ်ဆယ်ရေး ပစ္စည်းများ စနစ်တကျ ဖြန့်ဝေထားရှိမှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးမျိုးစိုးမိုးက မင်းပြားမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းရှင်များက လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တို့ချဲ့မွေးမြူ၊ စိုက်ပျိုးနိုင်ရေး လိုအပ်ချက်များကို တင်ပြကြရာ ဒုတိယဝန်ကြီးများက ရခိုင်ပြည်နယ်အတွင်း မိမိတို့ ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်အကြီးအကဲက မုန်တိုင်းကာလ ပြီးနောက် ရခိုင်ပြည်နယ်အား ယခင်အခြေအနေထက် သာလွန်ကောင်းမွန်အောင် လုပ်ဆောင်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ များစွာ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားဆောင်ရွက်နေသည့် ပြည်နယ်တစ်ခု ဖြစ်ကြောင်း၊ အဓိကအားဖြင့် စားရေရိက္ခာ ဖူလုံရေးသည် အဓိကဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် တည်ငြိမ်အေးချမ်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နိုင် သည့် အခြေအနေများစွာ ရှိနေသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ယခုအချိန်တွင် မြို့နယ်တစ်ခု၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် အထွက်နှုန်း ကောင်းသည့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများကလည်း ကွင်းဆင်းကာ ပြည်သူများနှင့်ထိတွေ့ပြီး ပြည်သူများ၏ လိုအပ်ချက်များ၊ လိုအပ်သည့် နည်းပညာများကို ပံ့ပိုးကူညီပေးကြစေလိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များကလည်း ယခုထက်ပိုမိုတိုးချဲ့ စိုက်ပျိုးမွေးမြူနိုင်ရေး အထွက်နှုန်း ကောင်းမွန်ရေးတို့ကို ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မုန်တိုင်းတိုက်ခတ်ပြီးချိန်တွင် ပြည်နယ်အတွင်း သစ်ပင်များ လဲပြိုခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရိပ်ရပင်များ၊ လေကာပင်များနှင့် မုန်တိုင်းဒဏ်ခံ အပင်များ စိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း၊ အလားတူ ကောင်းမွန်လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်ရန်အတွက် ဟင်းသီးဟင်းရွက် မျိုးစေ့များကိုလည်း ဖြန့်ဝေပေးထားပြီးဖြစ်သည့်အတွက် စိုက်ပျိုးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းပြားမြို့ မင်းဗာကြီးရပ်ကွက်တွင် ဆိပ်ခံချည်းကပ်တံတား ပြန်လည်တည်ဆောက်ရန်နှင့် ကမ်းပြိုထိန်းသိမ်း ခြင်းလုပ်ငန်း ဆောင်ရွက်မည့် အခြေအနေ အားသွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ ဆိပ်ခံတံတားတွင် လေးမြို့မြစ်အတွင်း ငါးမျိုးစိုက်ထည့် ခြင်း အခမ်းအနားသို့ တက်ရောက်ကြပြီး ငါးမျိုးစိုက်များထည့်ပေးကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂမ္မရာကျေးရွာဓမ္မာရုံ၌ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မွေးမြူရေး အသိပညာပေး ဟောပြောခြင်းနှင့် ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာ ရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေအား လှည့်လည် ကြည့်ရှုအားပေးကြပြီး မွေးမြူရေးတောင်သူများနှင့် ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်ကြကာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြပြီး‌ ကျောင်းသား၊ ကျောင်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းပြားမြို့၊ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆရာဝန်၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေကြသည့် လူနာများကို အားပေးစကားပြောကြားကာ အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းပြားမြို့၊ ဈေးဟောင်းပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး မင်းပြားမြို့နယ်၊ နရမ်းကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနမှ အကျိုးဆောင်တောင်သူများဖြင့် မိုးစပါး မျိုးစေ့ထုတ်ဧက (၁၀၀) စိုက်ခင်း ထွန်ယက်စိုက်ပျိုးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးက မင်းပြားမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှုနှင့် ဆောင်းသီးနှံများ စိုက်ပျိုးမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဦးစီးမှူးတို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးစပါးထွန်ယက် စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ နိုင်ငံတော်မှ အထွက်နှုန်း ကောင်းသည့် မျိုးစပါးများ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးထားမှုနှင့် တောင်သူများ အနေဖြင့် အကျိုးရှိအောင် စနစ်တကျစိုက်ပျိုးကြရန်နှင့် သက်ဆိုင်ရာဌာနများကလည်း လိုအပ်သည့် နည်းပညာပေးခြင်းများကို ကွင်းဆင်း ဆောင်ရွက်ကြရန်ပြောကြားကာ တောင်သူများနှင့် ကောက်စိုက် လုံမေများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးမြို့နယ်၊ ပီပင်ရင်းကျေးရွာအုပ်စု၊ လောင်းကြက်ကျေးရွာရှိ မိုးစပါးအထွက်ကောင်း စပါးမျိုးများစံပြကွက် (၃၀)ဧက ပျိုးထောင်ကာစိုက် ပျိုးနေမှုအား သွားရောက်ကြည့်ရှုအားပေးကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက မြောက်ဦးမြို့နယ် အတွင်း မိုခါ မုန်တိုင်းကြောင့်ထိခိုက်ခဲ့သည့်ကျေးရွာအုပ်စုများမှ တောင်သူများအား မျိုးစပါးများ ထောက်ပံ့ပြီးမှုနှင့် ထွန်ယက်စိုက်ပျိုးနေမှုတို့ကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးရွာတောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် လိုအပ်သည့် နည်းပညာနှင့်အကူအညီများ ပေးနိုင်ရေးဆွေးနွေးကြကာ တောင်သူများ၏တင်ပြချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် အနူမကန်မှ လက်ဆည်ကန်သို့ ရေအကူဖြည့်တင်းခြင်း၊ Pump House ပြောင်းရွှေ့တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးကြရာ တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်း ဆောင်ရွက်နေမှုအခြေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖြည့်စွက် အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွေးမြူရေးလုပ်ငန်းရှင် ဦးလှမြင့်၏ မွေးမြူရေးခြံ၌ နို့စားနွားများ၊ ဆိတ်နှင့် နေဗီယာမြက်များမွေးမြူစိုက်ပျိုးထားမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် မြောက်ဦးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့သည့် စာသင်ဆောင်များ ပြန်လည်ပြုပြင်ပြီးစီးနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ဆေးရုံတက်ရောက်ကုသမှု ခံယူနေကြသည့် ပြည်သူများအား အားပေးစကားပြောကြားပြီး အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရသည်။

တင်ထွန်း(ပြန်/ဆက်)