ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ဝါဆိုသင်္ကန်းဆက်ကပ်နိုင်ရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မောင်တော  ဇူလိုင်  ၁၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍  မြို့နယ်အတွင်းရှိ သံဃာတော်များအား ဝါဆို သင်္ကန်းဆက်ကပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်းရှိ  ထေရ်ကြီး ဝါကြီး ဆရာတော်များ၊ သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်နိုင်ရေးအတွက်ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဌာနများက ဆွေးနွေးတင်ပြကြရန်  လိုအပ်ကြောင်းပြောကြားခဲ့သည်။  ဆက်လက်၍ ခရိုင်သာသနာရေး ဦးစီးဌာန၊ ခရိုင်သာသနာ့ရေးမှူး ဦးကျော်ဇင်ဦး  ၂၀၂၃ ခုနှစ် ၊ ဩဂုတ် ၁ ရက်၊ ဝါဆိုလပြည့်နေ့တွင်  သာသနာ့ဗိမ္မာန်၌  မြို့နယ်အတွင်းရှိ သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်နိုင်ရေးအတွက် ယခုလက်ရှိ ဆောင်ရွက်နေသည့်အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးတင်ပြခဲ့ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်က အလှူငွေ ရရှိနိုင်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ တာဝန်ရှိသူများက အသီးသီးဆွေးနွေး တင်ပြကြရာ  တင်ပြချက်များအပေါ်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်(ခရိုင် ပြန်/ဆက်)