မောင်တော ဇူလိုင် ၁၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြိုင်ပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၁ နာရီအချိန် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး)ဦးမြင့်ခိုင်နှင့် ကျောင်းအုပ်ဆရာကြီး ဦးမောင်ခင်ဝင်းတို့က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံများ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ ၊ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးရရှိနိုင်ရန်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံမှုများ ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ကျင့်တရား ၊ စွမ်းဆောင်မှုများ ၊အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္တုပ္ပတိများ၊ စိတ်ဓာတ်များ၊ အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့မှုနှင့် ပတ်သက်၍ ရရှိခဲ့သည့် သမိုင်းသင်ခန်းစာများအား အသိပညာပေး ဟောပြောပေးခဲ့ကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်နှင့် ဝန်ထမ်းများ ၊ ကျောင်းအုပ်ဆရာကြီး ဦးမောင်ခင်ဝင်း နှင့် ဆရာ၊ဆရာများ ၊ ကျောင်းသား၊ကျောင်းသူများ စုစု ပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ၊အောင်ကျော်စိန် (ပြန်/ဆက်)