ကျောက်ဖြူ ဇူလိုင် ၁၈
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်သည့် အခမ်းနားသို့တက်ရောက်၍ ထောက်ပံ့ငွေများကို တာဝန်ရှိသူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် တွေ့ဆုံကြသည်။ တွေ့ဆုံပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး လူအေးက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ ယခုနှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကျောက်ဖြူမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် အဘိုး/အဘွားများကို တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် အဘိုး/အဘွား ၁၁၁၈ ဦးတို့အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ ၃၃၅၄၀၀၀၀/(သုံးရာသုံးဆယ်ငါးသိန်းလေးသောင်းကျပ်တိတိ) အား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ မိုခါမုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ မိုးစပါး များ အချိန်မီစိုက်ပျိုးပြီးစီးနိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက လက်ခံ ရယူကြ သည်။
ယင်းနောက် ကျောက်ဖြူမြို့နယ်၌ မိုခါမုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကျောက်ဖြူမြို့နယ်၌ ဆောင်ရွက်ထားရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ မြို့နယ်အတွင်း ဆောင်ရွက်ထားရှိသည့် လုပ်ငန်းကိစ္စ အရပ်ရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လယ်ယာမြေဥပဒေ၊ မြေယာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆန်များကွင်းဆင်း ကုသရေးလုပ်ငန်း များနှင့် ပတ်သက်၍လည်းကောင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကမ်းနီးကမ်းဝေးငါးဖမ်း လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေးကိစ္စများအား လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးက အိမ်ထောင်စု လူဦးရေစာရင်းနှင့် ပတ်သက်၍လည်းကောင်းရှင်းလင်းတင်ပြရာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးမှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)