ကျိန္တလီမြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ် စာစောင်ပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

ကျိန္တလီ ဇူလိုင် ၁၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ညနေပိုင်း လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ပြောကြားခဲ့ပြီး  အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အာဇာနည် (၉) ဦး၏ တိုက်ပွဲဝင်ခဲ့ပုံ၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ကိုယ်ရေးအကျဉ်းနှင့် ကဗျာဆရာရောင်ပြန် (တောင်တွင်း) ရေးသားထားသော "ကိုးဦးဇာနည်လက်ချိုးသီ" ဆိုသည့်ကဗျာလေးအရ အာဇာနည် ခေါင်းဆောင်ကြီးများအား မမေ့သင့်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲများကိုကျင်းပခဲ့ရာ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မောင်စောစောထွန်းက “လယ်စောင့်တဲ”ကဗျာဖြင့် (ပထမ) ဆုကိုလည်းကောင်း၊ မောင်လင်းတိုးနိုင်က “တောင်ကြီး ဖဝါးအောက်”ကဗျာဖြင့် (ဒုတိယ) ဆုကိုလည်းကောင်း၊ စာဖတ် စွမ်းရည်ပြိုင်ပွဲတွင် မောင်စောဉာဏ်ထွန်းမှ (ပထမ) ဆုကိုလည်းကောင်း၊ မပီတိချိုမှ (ဒုတိယ) ဆုကိုလည်းကောင်း၊ ဘော်လုံးလက်ဆင့်ကမ်းပြိုင်ပွဲတွင် မောင်လင်း တိုးနိုင်ဦးဆောင်သော အဖွဲ့မှ (ပထမ) ဆုကိုလည်းကောင်း၊ မရတီအိမ့်ဟန် ဦးဆောင်သောအဖွဲ့မှ (ဒုတိယ) ဆုကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြပြီး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇော်လင်း