သံတွဲ ဇူလိုင် ၁၇
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်တိုင်းရင်းဆေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက ငပလီမြို့ ရတနသိဒ္ဓိဘုန်း တော်ကြီးကျောင်း ပညာဒါနစာသင်ဝိုင်းသို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်ပေးမှု ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာသံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်နှင့် ဒုတိယဦးစီးမှူးဒေါ်မေမွန်ထွဋ်တို့က ရွေ့လျားစာကြည့်တိုက်စနစ် Mobile မော်တော်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေးခဲ့သည်။ ထို့နောက် ခရိုင်တိုင်းရင်းဆေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လှိုင်လေး အောင်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှုများကို အခမဲ့ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူများအား လူငယ်များအချိန်ကို အကျိုးရှိရှိအသုံးချပြီး အသိပညာဗဟုသုတ တိုးပွါးစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေပြီး အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ယခုကဲ့သို့ ရွေ့လျားစာကြည့်တိုက်စနစ် Mobile မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအတွက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေး နေသည့် အခြေအနေများကို ရှင်းလင်းဟောပြောပြီး ခရိုင်တိုင်းရင်းဆေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက မိုးရာသီတွင်ဖြစ်ပွါးတတ်သည့် ရောဂါဆိုင်ရာများနှင့် လူအများနေထိုင်မှုများတွင် တစ်ကိုယ်ရေသန့်ရှင်းရေး စနစ်တကျ ဆောင်ရွက်ရေးတို့ကို အသိပညာပေး ဟောပြောခဲ့ကြသည်။
အဆိုပါ ရတနသိဒ္ဓိဘုန်းတော်ကြီးကျောင်း ပညာဒါန စာသင်ဝိုင်းတွင် သံတွဲမြို့နယ်အတွင်းမှ ကျောင်းတက်ရန် အခက်အခဲရှိသည့် Grade- 8 မှ 12 အထိ ကျောင်းသား၊ ကျောင်းသူ ၈၅ ဦးတို့ကို ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တထေရဝံသက တာဝန်ယူလျက် ဆရာဦးကြည်လှိုင်နှင့် ဦးခင်မောင်နိုင်တို့က အခမဲ့ ပညာ ဒါနအဖြစ် သင်ကြားပေးလျက်ရှိကြောင်း ဆရာတော်ထံမှ သိရှိရသည်။
သန့်ဇင်