ပုဏ္ဏားကျွန်းမြို့နယ်၌ ဌာနဆိုင်ရာများစုပေါင်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ပုဏ္ဏားကျွန်း ဇူလိုင် ၁၅

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော ကျေးရွာအုပ်စုများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန်၊ ထောက်ပံ့ထားသောပစ္စည်းများ လက်ခံရရှိခြင်း ရှိ/မရှိနှင့်လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများစုပေါင်း၍ ယမန်နေ့နံနက်(၉)နာရီက ဖက်ကျကျေးရွာနှင့်ပိန္နဲတောကျေးရွာသို့  ကွင်းဆင်းဆောင်ရွက်ခဲ့ ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းက ဖက်ကျကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ပိန္နဲတောကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံအတွင်း ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ကျေးရွာများကို နိုင်ငံတော်အစိုးရထံမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ထောက်ပံ့ထားသောပစ္စည်းများ လက်ခံရရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးမေးမြန်းခဲ့ပြီး၊ မိမိတို့ကျေးရွာများတွင် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးကဏ္ဍများတွင် ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ပြန်လည်တင်ပြပေးကြရန် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဦးကျော်နု၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦးထွန်းအေးနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ချပြရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် သက်ဆိုင်ရာ ဌာနများအလိုက် တာဝန်ရှိသူတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြပြီး၊ အစည်းအဝေးတက်ရောက်ကြသူများကို ရွှေဝါဆပ်ပြာ တောင့်များထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)