ပုဏ္ဏားကျွန်းမြို့နယ်၌ ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးရန်၊ ထောက်ပံ့ပစ္စည်းများ လက်ခံရရှိခြင်း ရှိ/မရှိနှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ပုဏ္ဏားကျွန်း ဇူလိုင် ၁၄

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံး သွားသော ကျေးရွာအုပ်စုများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးရန်၊ ထောက်ပံ့ထားသော ပစ္စည်းများ လက်ခံရရှိခြင်း ရှိ/မရှိနှင့်လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများ ဦးဆောင်၍ ယမန်နေ့၊ နံနက်(၉)နာရီက သာစည်ကျေးရွာနှင့်လက်ဝဲစာတိုက်ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းက သာစည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်နှင့် လက်ဝဲစာတိုက်ဘုန်းတော်ကြီးကျောင်းတွင်  ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ကျေးရွာများကို နိုင်ငံတော်အစိုးရမှ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ထောက်ပံ့ထားသောပစ္စည်းများအား လက်ခံရရှိခြင်း ရှိ/မရှိ တို့ကို စစ်ဆေးမေးမြန်းခဲ့ပြီး၊ မိမိတို့ ကျေးရွာများတွင် ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် လိုအပ်ချက်များကို ပြန်လည်တင်ပြပေးကြရန် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့စသည့် ဌာနဆိုင်ရာ အကြီးအကဲများက မိမိတို့ဌာနအလိုက်ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ချပြ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့နောက်တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် သက်ဆိုင်ရာဌာနများအလိုက် တာဝန်ရှိသူတို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြပြီး၊ အစည်းအဝေးတက်ရောက်လာကြသည့် ကျေးရွာသား များကို ရွှေဝါဆပ်ပြာတောင့်များ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)