ရသေ့တောင် မြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရသေ့တောင် ဇူလိုင် ၁၄

ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ် ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျောက်ဆုံကျေးရွာနှင့် ပေါက်တောချေကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကြသည်။

ဦးစွာ အဆိုပါပူးပေါင်းအဖွဲ့သည် ကျောက်ဆုံကျေးရွာ၊ စာသင်ကျောင်း၌ ကျောက်ဆုံကျေးရွာနှင့် ပေါက်တောချေကျေးရွာတို့မှ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးနိုင်လင်းထက်က ရသေ့တောင်မြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု များအား  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဖြူးပေးနေမှု၊ မုန်တိုင်းဒဏ်ခံခဲ့ရသည့် တောင်သူများ အတွက် အထွက်နှုန်းကောင်းသည့် မျိုးစပါးများအား ဖြန့်ဝေပေးနေမှုနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တွေ့ဆုံဆွေးနွေးရန်၊ ကူညီ ကယ်ဆယ်ရေး နှင့် ထောက်ပံ့ပစ္စည်းများပြည်သူများ လက်ဝယ်ရောက်ရှိခြင်း ရှိ၊ မရှိနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် မြေကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွင် ပါဝင်ကြသည့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေး ပြောကြားကြပြီး ကျေးရွာသူ၊ ကျေးရွာသားများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ သည်။

ထို့နောက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် သင်္ကန်း(၂)စုံ၊ ငါးသေတ္တာဘူး(၂၀၀)ဘူး၊ ကော်ဖီမစ်(၁၂)ထုတ်၊ ငါးခြောက်(၁)အိတ်တို့အား ကျေးရွာသူ၊ ကျေးရွာသား များအား ထောက်ပံပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရသေ့တောင်  (ပြန်/ဆက်)