စစ်တွေမြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

စစ်တွေ ဇူလိုင် ၁၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုးခါ)တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမြင့်ကျွန်းကျေးရွာနှင့် ချီလင်ပင်းကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံကြသည်။

ဦးစွာ အဆိုပါပူးပေါင်းအဖွဲ့သည် အမြင့်ကျွန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးကျော်လွင်က စစ်တွေမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဖြူးပေးနေမှု၊ မုန်တိုင်းဒဏ်ခံခဲ့ရသည့် တောင်သူများအတွက် အထွက်နှုန်းကောင်းသည့် မျိုးစပါးများအား ဖြန့်ဝေပေးနေမှုနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တွေ့ဆုံဆွေးနွေးရန်၊ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများပြည်သူများ လက်ဝယ်ရောက်ရှိခြင်းရှိ၊မရှိနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် မြေကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွင် ပါဝင်ကြသည့် ဌာနဆိုင်ရာများက မိမိတို့ဌာန အလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေး ပြောကြားကြပြီး ကျေးရွာသူ၊ ကျေးရွာသားများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်လွင်က ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ သည်။

ထို့နောက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် ချီလင်ပင်းကျေးရွာသို့ သွားရောက်ကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

တင်ထွန်း (ပြန်/ ဆက်)