စစ်တွေ ဇူလိုင် ၁၄
အခြေခံကျန်းမာရေးစောင့်ရှောက်မှု ပိုမိုခိုင်မာစေရန် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး ရခိုင်ပြည်နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပရာ ရခိုင်ပြည် နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီးဒေါ်ဆွေဆွေမြတ်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အထူးကုဆရာဝန် ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းကို ဆောင်ရွက်ရာတွင် မူလအခြေအနေထက်ပိုမိုကောင်းမွန်အောင် အလေးအနက်ထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကိုလည်း ကျန်းမာရေးဌာနနှင့်အတူ နှီးနွယ်ဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းများပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြသည်ကို အားလုံးတွေ့မြင်သိရှိပြီး ဖြစ်ကြောင်း၊ ထိုကဲသို့ဆောင်ရွက်ခဲ့ခြင်းကြောင့့်လည်း သဘာဝဘေး၏ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကို ပြည်သူ့ကျန်းမာရေး ပြဿနာအဆင့်ထိဖြစ်ပွားခြင်း မရှိအောင် ကာကွယ်နိုင်ခဲ့ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းမှာရှိသည့် ဒေသခံဆရာဝန်ကြီးများအပါအဝင် ကျန်းမာရေးဝန်ထမ်း များသည် မိမိတို့၏တာဝန်များကို မိမိကဏ္ဍအလိုက် တာဝန်ထမ်းဆောင်လျက်ရှိကြသည့်အတွက် မုန်တိုင်းတိုက်ခတ်ပြီးသည်နှင့်တပြိုင်တည်း ကျန်းမာရေးစောင့်ရှောက်မှုများကို ပြတ်တောက်သွားမှု မရှိစေရန် စဉ်ဆက်မပြတ်စောင့်ရှောက်မှုပေးနိုင်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ နှီးနွယ်ဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းများ အားလုံးကို အသိအမှတ်ပြုပါကြောင်း၊ ယခုအခါမှာ မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက်(၂)လနီးပါးရှိပြီ ဖြစ်သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အားလုံးကို ပုံမှန်လည်ပတ်နိုင်ပြီဖြစ်ရာ တစ်နေ့ထက်တစ်နေ့ ပိုမိုမြှင့်တင်ဆောင်ရွက်ရန် စတင်ဆောင်ရွက်ကြရမည့် အချိန် ဖြစ်ပါကြောင်း၊ သို့မှသာလျှင် ပြည်သူ့ကျန်းမာ ရေးလုပ်ငန်းများ ပိုမိုခိုင်မာလာပြီး ရောဂါကြိုတင်ကာကွယ်နိုင်ကာ ရောဂါဖြစ်ပွားမှုနှုန်း၊ ဆေးရုံတက်ရောက်မှုနှုန်း၊ သေဆုံးမှုနှုန်းများကျဆင်းပြီး ဆေးကုသမှုကုန်ကျစရိတ်များ လျော့နည်းလာမည်ဖြစ်ကြောင်း၊ အလားတူ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ ကျန်းမာရေးဌာနတစ်ခုတည်း အကောင်အထည်ဖော်ဆောင် ရွက်ရုံမျှဖြင့် ပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာအခြေအနေ တိုးတက်မြင့်မားအောင် ဆောင်ရွက်လို့မရဘဲ နှီးနွယ်ဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ရန်လည်း အရေးကြီးပါကြောင်း၊ အဓိကအချက်အနေဖြင့် ပြည်သူများကျန်းမာရေး အသိပညာကြွယ်ဝရန် လိုအပ်သကဲ့သို့ သိရှိထားသည့် ကျန်းမာရေးဗဟုသုတများပေါ်အခြေခံပြီး လိုအပ်သည့်အချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှုများကို အချိန်မီ လာရောက် ကုသမှုခံယူမှသာလျှင် ကျန်းမာရေး အဆင့်မြင့်မားလာမည်ဖြစ်ကြောင်း၊ ပြည်သူလူထု ကျန်းမာရေးအသိပညာမြင့်မားရန်ဆိုသည်မှာ ကျောင်းသားလူငယ်များ၏ အခန်းကဏ္ဍ ကလည်းအရေးကြီးကြောင်း၊ ကျောင်းသား၊ ကျောင်းသူများမှာ ကျန်းမာရေးနှင့်ညီညွှတ်သည့် အလေ့ အကျင့်ကောင်းများ သိရှိလိုက်နာကျင့်သုံးနိုင်စေရန်နှင့် လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ပြီး ကျောင်းသား၊ ကျောင်းသူများမှတစ်ဆင့် အဆိုပါအလေ့အကျင့်များကို မိဘပြည်သူလူထုသို့ ရောက်ရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်နယ်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်နှင့် ဦးစားပေးဆောင်ရွက်သွားမည့် လုပ်ငန်းများအား အသိပေးရှင်းလင်းတင်ပြရန် နှီးနွယ်ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ပုဂ္ဂလိကဆေးရုံ ဆေးခန်းများမှ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ကူညီပူးပေါင်း ဆောင်ရွက်ပေးရေး အသိပေးရန်အတွက် ဒီဆွေးနွေးပွဲကို ကျင်းပ ရခြင်းဖြစ်ကြောင်း၊ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုအကျိုးရှိ ထိရောက်သည့်အတွက် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပိုမိုခိုင်မာစေရေးအတွက် ဆွေးနွေးပွဲကို တက်ရောက် လာကြသူများအနေဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေကို ပိုမိုခိုင်မာလာအောင် အင်တိုက်အားတိုက်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ရခိုင်ပြည်နယ် အတွင်း နေထိုင်ကြသည့် ပြည်သူလူထု တစ်ရပ်လုံး၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေရန် ပါဝင်ဆောင်ရွက်ပေးကြပါဟု တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်းက ရခိုင်ပြည်နယ်အတွင်း အခြေခံကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာ ကြသူများအားသီးစုံဒဏ်ပေါက်များ ဝေငှခဲ့ကြကြောင်းသိရသည်။ ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်း၌ MV WERU PACK KHA သင်္ဘောပေါ် မှဆန်အိတ်များတင်ချနေမှုနှင့် ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်း များတွင် အသုံးပြုမည့်ပစ္စည်းများကို လူအင်အားစက်ယန္တရား အင်အားများအသုံးပြုကာ ဘေးသင့် ဒေသများသို့ ဖြန့်ခွဲပေးရန်စီစဉ်ဆောင် ရွက်နေမှုနှင့် ဖော်ကျွန်း သင်္ဘောပေါ်သို့ ရန်ကုန်မြို့သို့ပို့ ဆောင်မည့် ထရွန်စဖော်မာများ၊ ဆက်သွယ်ရေးယာဉ်များအား တင်ဆောင်နေမှုတို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ဒဏ်ကြောင့် ပျက်စီး သွားသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို ပြုပြင်ဆောင်ရွက်လျက်ရှိရာ ၆၆ ကေဗွီ ရသေ့တောင်-ဘူးသီးတောင်ဓာတ်အားလိုင်း ပြန်လည်ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်သဖြင့် (၁၃.၇.၂၀၂၃) ရက်နေ့ ၊ (၁၁:၂၃) နာရီအချိန်တွင် ဘူးသီးတောင်မြို့ရှိ ၆၆/၁၁ ကေဗွီ , ၅ အမ်ဗွီအေ ဘူးသီးတောင် ဓာတ်အားခွဲရုံ၏ ၁၁ကေဗွီ ဖီဒါ (၄) ဖီဒါမှ မီးသုံးသူ (၅၂၇၃) ဦးတို့အားလည်းကောင်း ၊ (၁၁:၄၅)နာရီ အချိန်တွင် မောင်တောမြို့ရှိ ၆၆/၁၁ကေဗွီ ၅ အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံ ၏ ၁၁ ကေဗွီ ဖီဒါ (၄) ဖီဒါ မှ မီးသုံးသူ (၆၄၇၄) ဦး တို့အားလည်းကောင်း ဓာတ်အားစနစ်မှ အသီးသီး ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးထားပြီး ဖြစ်၍ မုန်တိုင်းအလွန်ကာလ ရခိုင်ပြည်နယ်ရှိ မြို့နယ်များအားလုံးကို နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ ဆက်)