မာန်အောင်မြို့နယ်၌ တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲသို့ ဗိုလ်မှူးချုပ်ကျော်ကျော်ဦး တက်ရောက်အမှာစကားပြောကြား

မာန်အောင် ဇူလိုင် ၁၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟင်းသီးဟင်းရွက်မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ၌ မာန်အောင်မြို့နယ် ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ကျော်ကျော်ဦးက အမှာစကားပြောကြားရာတွင် မေလအတွင်း မြန်မာနိုင်ငံအတွင်းသို့ မိုခါ မုန်တိုင်းဝင်ရောက်၍ ဟင်းသီး၊ ဟင်းရွက်စိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုရှိသည့်အတွက် အမြန်ဆုံး ပြန်လည် အစားထိုးနိုင်ရန် နိုင်ငံတော်မှ သက်ဆိုင်ရာဝန်ကြီးဌာနအား လမ်းညွှန်ခဲ့သည့်အတွက် မျိုးစေ့ ထောက်ပံ့ရခြင်း ဖြစ်ကြောင်း၊ မြို့နယ်တွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မီးဖိုချောင်သုံးစရိတ် သက်သာစေပြီး ကိုယ်တိုင်စိုက်ပျိုးထားသည့်အတွက် ဓါတုကင်းလွတ်သီးနှံဖြစ်သဖြင့် အစားအစားများ ဘေးအန္တရာယ်ကင်းရှင်းမှာ ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ဟင်းသီးဟင်းရွက်မျိုးစေ့များကို အလေအလွင့်မရှိအောင် စနစ်တကျ စိုက်ပျိုးကြပြီး မြို့နယ်စားနပ်ရိက္ခာဖုံလုံစေရန် အလေးထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထိုနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းစောမှ ဟင်းသီးဟင်းရွက်မျိုးစေ့ ပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဗိုလ်မှူးချုပ်ကျော်ကျော်ဦး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တက်ရောက်လာသူ ကျေးရွာအုပ်စု(၅)အုပ်စုမှ တောင်သူများအား မျိုးစေ့ အမယ်ပေါင်း(၂၈)မျိုး၊ စုစုပေါင်း မျိုးစေ့ထုပ် (၁၇၅၈)ထုပ်အား ပေးအပ်ခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)