မောင်တော ဇူလိုင် ၁၀
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ခဲ့သောကျေးရွာများရှိပြည်သူများအား အိမ်ထောင်စုစာရင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားပေးအပ်ခြင်းနှင့် CHINA AID မှလှူဒါန်းသော စောင်၊ ခြင်ထောင်များအား ယမန်နေ့မွန်းလွဲပိုင်းက အင်းဒင်ကျေးရွာ ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ရှေးဦးစွာ ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေက အမှာစကားပြောကြားရာတွင် မုန်တိုင်းဒဏ်ကြောင့် ပျောက်ဆုံး/ပျက်စီးသွားသည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင်/မြို့နယ်ဦးစီးမှူရုံးမှ ဝန်ထမ်းများက ကျောက်ပန္ဒူကျေးရွာအုပ်စုတွင် အိမ်ထောင်စုလူဦးရေစာရင်း ၇၉ စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၇ ကတ်နှင့် အင်းဒင်ကျေးရွာအုပ်စုတွင် အိမ်ထောင်စုလူဦးရေစာရင်း ၁၁၉ အုပ်စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၄၄ ကတ်ကို မြေပြင် ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက် မုန်တိုင်းဒဏ်ကြောင့် ပျောက်ဆုံး/ ပျက်စီးသွားသည့် ကျောက်ပန္ဒူကျေးရွာနှင့် အင်းဒင်ကျေးရွာ ပြည်သူများထံသို့ ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်လဝကဦးစီးမှူးနှင့် တာဝန်ရှိသူများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများ လက်ဝယ်သို့ အသီးသီးပေးအပ်ကြရာ ပြည်သူများက လက်ခံရယူခဲ့ကြပြီး ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ခဲ့သော ကျောက်ပန္ဒူကျေးရွာ၊ အင်းဒင်ကျေးရွာ၊ ပဲရုံကျေးရွာ၊ အောင်သုခကျေးရွာနှင့် မြိုယုကျေးရွာများရှိ ပြည်သူများအား CHINA AID မှ လှူဒါန်းသော စောင်၊ ခြင်ထောင်များကို ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ပြည်သူများအား ခေါက်ဆွဲခြောက်အထုပ်များ အားပေးအပ်ခဲ့ကြသည်။
ယင်းနောက် ညနေပိုင်းတွင် ကညင်တန်း ဗိုလ်မှူးရွာအဝင်လမ်းဘေးရှိ ရေမြောင်း၊ ပြည်သူ့ဆေးရုံရှေ့နှင့် အိမ်တွင်းမှုကျောင်းရှိ ရေမြောင်းအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် စက်ယန္တရားဖြင့် ဆက်လက် တူးဖော်ဆောင်ရွက်လျက်ရှိပြီး စည်ပင်သာယာရေး အမှိုက်သိမ်းကားဖြင့် သိမ်းဆည်းဆောင်ရွက်နေမှုများအား ပြန်လည် ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးနှင့် တာဝန်ရှိသူ များက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေမြောင်းများ တူးဖော်ဆောင်ရွက်နေမှုများအား တာဝန်ရှိသူများက ရှင်းလင်း ဆောင်ရွက်ခဲ့ကြရာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)