မောင်တော ဇူလိုင် ၆
ရခိုင်ပြည်နယ်မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများနှင့်အတူ ဇူလိုင် ၄ ရက်နေ့ နံနက်ပိုင်းက အထူးကုဆရာဝန်များက သာသနာ့ဗိမာန်တော်ကြီးတွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား ကြည့်ရှုအားပေးပြီးဆေးကုသရန် လာရောက်ကြသည့် ပြည်သူများအား အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်၊ ဘုန်းတော်ကြီးကျောင်းများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တူပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက သာသနာ့ဗိမာန်တော်ကြီးတွင် ခွဲစိတ်အထူးကု၊ ကလေးအထူးကု၊ သမားတော်၊ သားဖွားမီးယပ်၊ အရိုးအထူးကုစသည့် ဆရာဝန်များကပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များအား ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကာ လာရောက်ဆေးကုသမှုခံယူကြသော ပြည်သူများအား တာဝန်ရှိသူများက အာဟာရဖြည့်စွက်စာများထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အဆိုပါ အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ဒေသခံပြည်သူ ၄၅၀ ဦးခန့် လာရောက်ဆေးကုသမှုခံယူကြပြီး အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိ သူများသည်မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော သုံးမိုင်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဘုန်းတော်ကြီးကျောင်း၊ သန္တိသုခဘုန်းတော်ကြီးကျောင်း၊ ဝေသာလီဘုန်းတော်ကြီးကျောင်း၊ မကျည်းကုန်းကျောင်းတိုက်၊ တပ်ဦးကျောင်းတိုက်များသို့ သွားရောက်ကာကျောင်း ထိုင်ဆရာတော်များအား ဖူးမျှော်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့်အခြား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)