စစ်တွေ ဇွန် ၂၃
ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ဥပဒေရုံးများ ပြန်လည်ပြုပြင်ရန်သွပ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် မုန်တိုင်းဒဏ်သင့် ဥပဒေရုံးအသီးသီးမှ ရုံးဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ငွေနှင့် ဆေးဝါးများလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံး၊ တော်ဝင်သဇင်ခန်းမ၌ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊ ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဥပဒေ အကြံအဉာဏ်ပေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဥဒေအရာရှိများနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဥပဒေရုံးများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေ အနေနှင့် မိုခါမုန်တိုင်းဒဏ်ကျရောက်ပြီးနောက် ဥပဒေရုံးအဆောက်အဦများ ပျက်စီးမှု၊ လတ်တလော ပြုပြင်ထိန်းသိမ်းထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ဥပဒေရုံးများ၊ ဝန်ထမ်းအိမ်ရာများ ပျက်စီးမှုများပြန်လည်ပြုပြင်ရန်အတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲရသောဌာနဖြစ်သဖြင့် ခွင့်ပြုငွေများရရှိအောင် တောင်းခံတင်ပြရန်လိုအပ်ကြောင်း၊ ပြည်ထောင်စုဥပဒေရေးရာဝန်ကြီးဌာနကလည်းသွပ်အချပ် ၄၂၃ ချပ်၊ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ငွေကျပ် သိန်း(၂၀၀)ကို လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဥပဒေရေးရာဝန်ကြီးဌာန အောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးမှ လှူဒါန်းငွေ ၁၀၉ သိန်းကို ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း ဒဏ်သင့်ပြည်သူများအတွက် အမျိုး သားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ တစ်ဆင့်လှူဒါန်းခဲ့ပါကြောင်း၊ မုန်တိုင်းမကျရောက်မီကပင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ကြိုတင်ဆောင်ရွက်ခဲ့မှုများကြောင့် ဝန်ထမ်းများထိခိုက်သေဆုံးမှုမရှိဘဲရုံး အဆောက် အဦများ အနည်းငယ်သာပျက်စီး ဆုံးရှုံးမှုရှိခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တက်ကြွစွာ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့်အတွက် ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ကြောင်း၊ အချိန်တို ကာလအတွင်း ထိခိုက်ပျက်စီးမှုများအတွက် အကောင်းဆုံး ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုများကို တွေ့ရှိရသဖြင့် ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုမှတ်တမ်းတင်ကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့်လည်း မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သည်များ ပြုပြင်ဆောင်ရွက်ရေး လုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုအခါ မိမိတို့ကိုယ်တိုင်လာရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားပြီး ပျက်စီးမှုများကို ကူညီပံ့ပိုးနိုင်ရန်အတွက်လာရောက်ခြင်းဖြစ်ကြောင်းနှင့် မိမိတို့ ရုံးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မပျက် ပြန်လည်လည်ပတ်နိုင်စေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ခရိုင်နှင့်မြို့နယ် ဥပဒေရုံးအသီးသီးမှ ဥပဒေအရာရှိများက မိုခါမုန်တိုင်းကြောင့် ရုံးအဆောက်အဦများ ပျက်စီးခဲ့မှု၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ် နေမှုတို့ကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဥပဒေချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က တင်ပြချက်များအပေါ်ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းများနှင့် ဆေးဝါးများအား ပေးအပ်လှူဒါန်းရာ ပြည်နယ်ဥဒေချုပ်က လက်ခံရယူသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တာဝန်ရှိသူများသည် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဥပဒေချုပ်ရုံး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ ပြန်လည်ပြုပြင်ဆောင်ရွက် ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)