မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကြီးမှူး၍ သန့်ရှင်းသောသောက်သုံးရေ ရရှိရေးဖြန့်ဝေပေးမှုနှင့် အဝီစိတွင်းတူးဖော်မှုအား ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ကြည့်ရှုစစ်ဆေး

ရသေ့တောင် ဇွန် ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနကကြီးမှူး၍ ယနေ့နံနက်ပိုင်းက ရသေ့တောင် မြို့တောင်ရင်းတန်းရပ်ကွက် ဂူဝကန်မှရေကိုရေသန့်စင်ကား IR9489 ဖြင့်သန့်ရှင်းသောသောက်သုံးရေများအား ဖြန့်ဝေပေးမှုအခြေအနေနှင့် တောင်ရင်းတန်းရပ်ကွက် မြတ်သာကန် အနီးအဝီစိတွင်းတူး ဖော်ဆောင်ရွက်မှုအခြေအနေများအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းနှင့် တာဝန်ရှိသူများကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်အတွင်း နွေရာသီရေရှားပါးမှုကြုံနေရပြီး မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေကန်အများစုမှာ ဆားငံရေဝင်သွားခြင်းကြောင့် သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်လျက်ရှိခဲ့ရာ ယခုအခါ ရသေ့တောင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဦးစီးပြီး ရေသန့်စင်ကား(၂)စီးဖြင့် မြို့ပေါ်ရပ်ကွက်(၄) ကွက်ရှိပြည်သူများ၊ ယာယီနေရပ်စွန့်ခွာသူများ၊ ကျေးရွာများနှင့် လေဘေးဒါဏ်သင့်ပြည်သူများထံသို့ ၂၂.၅.၂၃ ရက်နေ့မှ သောက်ရေများ စတင်ဖြန့်ဝေခဲ့ရာ ယနေ့အချိန်ထိ ဖြန့်ဝေလျက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရှိသည်။

ရသေ့တောင်(ပြန်ဆက်)