ဗိုလ်မှူးချုပ်ကျော်ကျော်စိုး ကြီးကြပ်ဦးဆောင်မှုဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သော ကုလားတန်(၆)သင်္ဘောဖြင့် ထပ်မံရောက်ရှိလာသော ပစ္စည်း(၄)မျိုးအားဖွင့်ဖောက်စစ်ဆေးပြီး လေဘေးသင့်ပြည်သူများသို့ ဖြန့်ဝေ

မြေပုံ ဇွန် ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုး ကြီးကြပ်ဦးဆောင်မှုဖြင့် လေဘေးသင့် ပြည်သူများသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များထောက်ပံ့သော ပြည်တွင်းရေကြောင်းပိုင် ကုလားတန် (၆)သင်္ဘောဖြင့် ထပ်မံရောက်ရှိလာသည့် ပစ္စည်း(၄)မျိုးအား ယနေ့နံနက် (၇)နာရီ အချိန်က ငုပင်လယ်ဆိပ်ခံတံတားပေါ်သို့ တင်ယူပြီး ဖွင့်ဖောက်စစ်ဆေးအတည်ပြုလက်ခံကာ လေဘေးသင့်ပြည်သူများသို့ ချက်ချင်းဖြန့်ဝေပေးသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ထောက်ပံ့ပစ္စည်းများ ဖွင့်ဖောက် စစ်ဆေးရေး ကော်မတီဝင်များ၊ စားရေးရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ လက်ခံထိန်းသိမ်းဖြန့်ဖြူးရေး လုပ်ငန်းကော်မတီဝင်များတို့က လေဘေးသင့် ပြည်သူများအတွက် ရောက်ရှိမည့် ပစ္စည်း အမျိုးအမည်နှင့် အရေအတွက်ကို သိရှိသည်နှင့်တပြိုင်နက် မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဖြန့်ဝေပေးနိုင်ရေးအတွက် အစည်းအဝေး ဆုံးဖြတ်အတည်ပြုပြီးဖြစ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ပစ္စည်းများအား ဖွင့်ဖောက်စစ်ဆေးအတည်ပြုလက်ခံပြီးသည်နှင့် ချက်ချင်း ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိသည့်အတိုင်း စားရေးရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများကို ပုပင်လယ်ဆိပ်ခံတံတားပေါ်မှ ဖြန့်ဝေသည်။

လေဘေးသင့်ပြည်သူများထံသို့ ကုလားတန်(၆)သင်္ဘောဖြင့် ထပ်မံရောက်ရှိလာသော ဆန်(၁၂၅၃) အိတ်၊ သွပ်သံ(၅၀)ဖာ၊ အိမ်ရိုက်သံ(၈၀)ဖာနှင့် ချိန်းဆော(၄)လက်တို့အား ဆိပ်ခံတံတားပေါ်သို့ တင်ဆောင်ပြီး ဖွင့်ဖောက်စစ်ဆေး အတည်ပြုလက်ခံကာ လေဘေးသင့် ပြည်သူများသို့ ချက်ချင်း ဖြန့်ဝေပေးကြောင်း သိရသည်။

တင်ဝင်း(ပြန်/ဆက်)