ကျောက်ဖြူ ဇွန် ၁၉
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ မြို့ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေထွက်ပေါက်ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေသည့် နဂါးကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ကျောက်ဖြူမြို့ အစိုးရရပ်ကွက်ရှိ ရေနုတ်မြောင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် အဆိုပါရေနုတ်မြောင်းအတွင်းရှိ ပိတ်ဆို့နေသော စွန့်ပစ်အမှိုက်များအား ယန္တရားများ၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့၊ အမှတ်(၆) အရာရှိ၊ စစ်သည်များမှ ပြန်လည်တူးဖော်နေမှုအားလည်းကောင်း၊ သန်ပန်ချောင်းရပ်ကွက်ရှိ ရေနုတ်မြောင်းများအတွင်း အမှိုက်များပိတ်ဆို့နေမှုအား အမြန်ဆုံးပြန်လည်တူးဖော်နိုင်ရေးနှင့် ပင်လယ်အတွင်း ပလပ်စတစ်စွန့်ပစ်အမှိုက်များ မရောက်ရှိစေရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေရေးအတွက် ရေနုတ်မြောင်းများ ပြန်လည်တူးဖော်မည့်နေရာများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စွန့်ပစ်အမှိုက်များအား စနစ်တကျစွန့်ပစ်စေရေး ညှိနှိုင်းဆောင်ရွက်ပေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေသော နဂါးကျောင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ စက္ကိန္ဒာဘိဝံသအား ဖူးမြှော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)