ပုဏ္ဏားကျွန်း ဇွန် ၁၉
မေလ(၁၄)ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဗိုလ်မှူးချုပ် ဝင်းမောင်နှင့် တာဝန်ရှိသူများသည် ယနေ့၊ နံနက်(၁၀)နာရီက မြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာ ရုံးဌာနများသို့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာတွင် ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်တို့သည် အမှတ်(၄) မူ/လွန်(ရွာဟောင်း)၊ မူ/လွန်(မြို့သစ်)၊ အထက(ပုဏ္ဏားကျွန်း)နှင့် ဌာနဆိုင်ရာ ရုံးဌာနများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ လိုအပ်သည်များကို ဆောက်လုပ်ရေးတာဝန်ခံ အင်ဂျင်နီယာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဗိုလ်မှူးချုပ်ဝင်းမောင်နှင့် တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့ သုဿာန်သို့ သွားရောက်ပြီး၊ နာရေးကူညီမှုအသင်းနှင့် တွေ့ဆုံကာ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် နာရေး ကားနားနေဆောင်ပြိုလဲပျက်စီးမှုနှင့် အမိုးလန် ပျက်စီးခဲ့သော သုဿာန်ဇရပ်ခေါင်မိုးများအား ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး၊ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)