မအီမြို့ ဂျီဖြူတောင်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster dose) ကွင်းဆင်းထိုးနှံ

မအီ  ဇွန် ၁၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ရဟန်းရှင်လူပြည်သူများ ကာကွယ်ဆေးထိုးအကြိမ်ရေ ပြည့်မီစေရေးတို့အတွက် ဂျီဖြူတောင် ကျေးရွာအုပ်စု ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နေ့လယ်ပိုင်းက ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင် မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနနှင့် အဆိုပါကျေးရွာ အုပ်စု၊ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) ၏ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးအိုမီခရွန် မျိုးကွဲသစ် (XBB.1.16) သည် အာရှနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများတွင်ပျံ့လျက်ရှိရာ လာမည့် သီတင်းပတ်တွင် ကူးစက်မှုများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ သတိပေးထားရှိပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ချနိုင်ရေးအတွက် ပြည်သူများအား ဒုတိယအကြိမ် ထိုးနှံပြီးသူ များအား တတိယအကြိမ်အဖြစ်လည်းကောင်း၊ တတိယအကြိမ်ထိုးနှံပြီးသူများအား စတုတ္ထအကြိမ်အဖြစ်လည်းကောင်း၊ စတုတ္ထအကြိမ် ထိုးနှံပြီးသူများအား ပဉ္စမအကြိမ်အဖြစ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးနှံရန်ရောက်ရှိ လာသူများအား အမည်စာရင်း ကောက်ယူခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်လမ်းညွှန်ချက် များနှင့်အညီ ဆေးမထိုးနှံမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေအထားရှိမှသာကာကွယ်ဆေးထိုးနှံပေးပြီး ကာကွယ်ဆေး ထိုးနှံပြီးသူများအား မိနစ် ၃၀ ခန့် အနားယူစေခြင်း စသည့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိသည်။

ဆက်လက်၍လည်း မအီမြို့ ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် ကျေးရွာအုပ်စုများအတွင်းရှိ ပြည်သူများကိုဗစ်-၁၉ရောဂါကာကွယ် ဆေးကို အကြိမ်ပြည့် ထိုးနှံစေနိုင်ရေးအတွက် သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာန(ခွဲ)များနှင့်ပူးပေါင်း၍ အလားတူကျန်းမာရေးစောင့် ရှောက်မှုများကို ဆက်လက်ကွင်းဆင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဦးလှဝင်းက ပြောကြားသည်။ 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆေးထိုးစုရပ်သို့ ဂျီဖြူတောင်ကျေးရွာအုပ်စုအတွင်းရှိ ကင်းခြေရွာသစ်ကျေးရွာ၊ ကင်းခြေရွာဟောင်းကျေးရွာ၊ ကျောက်ကြီးပေါက်ကျေးရွာ၊ ကံကျွန်း ကျေးရွာ၊ အောင်စည်သာကျေးရွာ၊ တောင်ပေါ်ကျေးရွာနှင့် အောင်သပြေကျေးရွာတို့မှ COVID-19 ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster dose)ထိုးနှံရန် စာရင်းပေးသွင်းထားသူ ပြည်သူများက လာရောက် ထိုးနှံခဲ့ကြကြောင်း သိရသည်။

မောင်မောင်ဌေး (ပြန်/ဆက်)