အမ်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ဟော ပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

အမ်း ဇွန် ၁၆

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းအား ယနေ့မွန်းလွဲပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း၌ တွဲဖက်ဖွင့်လှစ်‌သည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ကျောင်းသား၊ကျောင်းသူများ သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး၏ နောက်ဆက်တွဲရလဒ် ဆိုးကျိုးများအကြောင်း၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒများ၊ မူးယစ်ဆေး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ရောဂါလက္ခဏာများအကြောင်း၊ သုံးစွဲခြင်းဖြင့် ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ဟောပြောခဲ့သည်။ ဆက်လက်၍ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးဝင်းနိုင်စိုးက ကျောင်းသားလူငယ်များအနေ ဖြင့် ပုံစံမျိုးစုံနှင့် ဝင်ရောက်နေသည့် မူးယစ်ဆေးဝါးအန္တရာယ်မှ ရှောင်ရှားတတ်ကြစေရန် လိုအပ်ပါကြောင်း၊ အပေါင်းအသင်းကြောင့် ဖြစ်စေမိမိတို့စိတ်ကဖြစ်စေ အစပြု၍ လုံးဝမသုံးစွဲကြစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ကျောင်းပတ်ဝန်းကျင်တွင် ကင်းရှင်းစေရေးတို့ကို ဟောပြောခဲ့သည်။ ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေး ကြရာ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိက ပြန်လည်ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်အား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် နံရံကပ်စာစောင်များ ဓာတ်ပုံများအား ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စိုးမင်းထွန်း(ပြန်/ဆက်)