မအီ ဇွန် ၁၈
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် တောင်ကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက မအီမြို့ပေါ် အမှတ် ၃ ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုက ဦးစီးဆောင်ရွက်၍ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဦးလှဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများနှင့် တာဝန်သိပြည်သူများက လူနေအိမ်များရှိ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု မရှိစေရေးအတွက် အဘိတ်ဆေးများ ခတ်ပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို တစ်အိမ်တက် တစ်အိမ်ဆင်း ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ကျန်းမာရေးမှူး ဦးလှဝင်းက ရပ်ကွက်နေပြည်သူများအာ ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ရာတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလျှင် အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်နိုင်သောကြောင့် ကြိုတင်ကာကွယ်ရေးအတွက် မိမိတို့ ပတ်ဝန်းကျင်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည့် (သို့မဟုတ်) သွေးလွန်တုပ်ကွေးဟု သံသယရှိသည့် လူနာများ၏ နေအိမ် ကိုက်(၁၀၀) အတွင်းရှိ ခြင်များ ခိုအောင်းနိုင်ခြင်းမရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ခြင်များပေါက်ဖွားနိုင်သည့် ရေတင်ကျန်နိုင်သောနေရာများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ တာယာခွံ၊ ပလပ်စတစ်ခွံများရှင်းလင်းရှင်း၊ ရေနှုတ်မြောင်းများနှင့် Box Culvert များအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်းများကို ပြုလုပ်ထားရန် လိုအပ်ပါကြောင်း၊ မိမိတို့ ကျန်းမာရေးဌာနအနေဖြင့်လည်း အဘိတ်ဆေးများ ခတ်ပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို အပတ်စဉ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စသည့် သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်စေရေးတို့အတွက် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)