ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

 

မောင်တော ဇွန် ၁၆

ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးရာသီကာလအတွင်းဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့်  မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်း၍  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ခန်းမအတွင်း ဟောပြောခဲ့သည်။

ထို့သို့ အသိပညာပေးဟောပြောပွဲတွင် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး မောင်ခင်ဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ခင်စော ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မိုးရာသီအတွင်း ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများ၊ သွေးလွန်တုပ်ကွေး မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရန် နည်းလမ်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်း၊ မလှဲမသွန်နိုင်သော နေရာများကို အဘိတ်ဆေးများခပ်ပေးခြင်း၊ ခြင်ခိုအောင်း ပေါက်ပွားနိုင်သော ရေလှောင်ကန်များ၊ ရေစည်များ၊ ရေတွင်း၊ ရေကန်များထဲသို့ ပိုးလောက်လန်းသေ အဘိတ်ဆေးများ ခပ်ပေးခြင်းများကို ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူလေးများက  သိလိုသည်များအား မေမြန်းရာ မြို့နယ် ကျန်းမာရေးဝန်ထမ်းများက ပြန်လည်ဖြေကြားပေးခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ ၃၂၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်လွင်စိုး