အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်း၊ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ

ပုဏ္ဏားကျွန်း ဇွန် ၁၆

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်မှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းနှင့် အဖွဲ့သည် ယမန်နေ့၊ ညနေ(၃)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်  ဌာနဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက မိမိတို့ဝန်ထမ်းများ ဌာနအပေါ်တွင် သစ္စာ စောင့်သိစွာဖြင့် တာဝန်ထမ်းဆောင်နေမှုတို့ကို အသိအမှတ်ပြုပါကြောင်း၊ ယခုအခါ မုန်တိုင်း တိုက်ခတ်ခဲ့ပြီး ပြန်လည်ထူထောင်ရေးကာလဖြစ်တာကြောင့် မိမိရာထူးတာဝန်နှင့် ကိုက်ညီအောင် နေထိုင်ကြပါ၊ နေရာတကာမှာ စေတနာထားပြီး လုပ်ကိုင်ဆောင်ရွက်ကြပါ ပညာရှိ အသိစိတ်ဓာတ်မျိုး မွေးမြူထား ကြပါ၊ နေရာမှန် လူမှန်ကျအောင် သတိပြုနေထိုင်ပါ၊ ကိုယ်ချင်းစာတရားထားပြီး ပြည်သူများ ယုံကြည် လေးစားကြည်ညိုလာအောင်နေထိုင်ကြပါ၊ ပေးဝေစရာရှိရင် မျှမျှတတ ဖြစ်အောင် မြန်မြန် ဆန်ဆန် ပေးဝေပါ၊ ယုံကြည်လေးစားထိုက်တဲ့ နိုင်ငံ့ဝန်ထမ်းကောင်းများပီပီ မိမိလုပ်ငန်း တာဝန်များကို လက်တွေ့အကောင်အထည်ဖာ်  ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းမှာကြားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းက လက်ရှိဌာနလုပ်ငန်း လည်ပတ်နေမှု အခြေအနေများ၊ ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေထောက်ပံ့ပေးနေမှုများ၊ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် မိမိဌာနအတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး၊   ဌာနဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ချီးမြှင့်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)