ရသေ့တောင်မြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော မြို့တွင်းထရန်စဖော်မာလိုင်းများကို စစ်ဆေးဆောင်ရွက်လျက်ရှိ

ရသေ့တောင်  ဇွန် ၁၅

ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော ဓာတ်အားလိုင်းများ အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သား(၉၅)ဦးတို့ဖြင့် ပြိုလဲပျက်စီးခဲ့သည့် လျှပ်စစ်တာဝါတိုင်များ၊ ဓာတ်အားတိုင်များအား သိမ်းဆည်းပြီးပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုအဖွဲ့(၂)ဖွဲ့ ခွဲ၍ဆောင်ရွက်လျက်ရှိကာ မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မှူး ဦးအောင်ကျော်သန်းနှင့်ဝန်ထမ်းများက မြို့တွင်း ထရန်စဖော်မာလိုင်းများကို စစ်ဆေးစိစစ်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ကြရာတွင် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလုပ်ငန်းမှ ကျွမ်းကျင် ဝန်ထမ်းများက ထိခိုက်ပျက်စီးခဲ့သည့် မြို့တွင်း ထရန်စဖော်မာလိုင်းများ၊ လျှပ်စစ်ဓာတ်အားတိုင်များမှ နေအိမ်အဆောက်အဦများ၊ ရုံးဌာနများသို့ သွယ်တန်းထားသောဓာတ်အားကြိုများ ပြတ်တောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးစိစစ်ကြသည်။

ရသေ့တောင် မြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် လျှပ်စစ်တာဝါတိုင်အမှတ် (၅၄၊ ၈၃၊ ၈၄၊ ၈၆၊ ၈၉၊ ၉၃၊ ၉၄)တို့ ပြိုကျပျက်စီးခဲ့ရာ ရသေ့တောင် - ပုဏ္ဏားကျွန်း လိုင်းတွင် ကျိုးကျခဲ့သောကွန်ကရစ်ဓာတ်တိုင် ၇ တိုင်ကို အစားထိုးပြုပြင်လျက်ရှိပြီး ယခုအခါ ရသေ့တောင်ဓာတ်အားခွဲရုံ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေမှတစ်ဆင့် မြို့တွင်းသို့(၂၄)နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူထံမှ သိရှိရသည်။

ရသေ့တောင် (ပြန်/ဆက်)