မိုခါမုန်တိုင်းကြောင့် သဘာဝဘေးကြုံတွေ့ခဲ့ရသည့် ကျောက်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအပေါ် ဒေသခံပြည်သူများ၏ ရင်တွင်းစကားသံများ

ကျောက်ဖြူ    ဇွန်    ၁၅

၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် သဘာဝဘေးအန္တရာယ်များနှင့်ကြုံတွေ့ခဲ့ရသော ကျောက်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများကို သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့ အမှတ်(၆)၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် စာရေရိက္ခာထောက်ပံ့ပေးနေမှုအပေါ် တာဝန်ရှိသူများ နှင့် ဒေသခံပြည်သူများကို ယခုလိုတွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ဒေါ်ဌေးစိန်

(ရခိုင်ပိုက်ဆိပ်ရပ်ကွက်၊ ပြည်တော်သာရေတွင်းအနီး)

မေး။   အဒေါ်ရဲ့နာမည်နဲ့ ဘယ်ကနေလာရောက်ပြီးတော့ ဆေးကုသမှုခံယူတယ်ဆိုတာ သိပါရစေခင်ဗျာ။

ဖြေ။    အဒေါ်နာမည်ကတော့ ဒေါ်ဌေးစိန်ဖြစ်ပါတယ်၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်၊ ပြည်တော်သာရေတွင်းအနီးမှ လာရောက်ပြီးတော့ ဆေးကုသမှု ခံယူတာပါရှင့်။

မေး။   အဒေါ်အနေနဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့တွေ လာရောက်ဆေးကုသပေးမယ်လို့ ဘယ်လိုသိပါလဲ ခင်ဗျာ။

ဖြေ။    မနေ့ညကတည်းက ရပ်ကွက်နေပြည်သူတွေကို နယ်လှည့်ဆေးကုသရေးအဖွဲ့တွေ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးမယ်၊ မည်သူမဆိုလာရောက်ပြသနိုင်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကတစ်ဆင့် အသံချဲ့စက်နဲ့ လှည့်လည်ကြေညာခဲ့လို့ အဒေါ်တို့ သိရှိပြီး ခုလိုလာရောက်ပြသတာပါရှင့်။

မေး။   အဒေါ်အနေနဲ့ ဘာရောဂါတွေကို အဓိကပြသခဲ့ပါသလဲ၊ ဆရာဝန်တွေကကော ဘယ်လိုများ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးခဲ့ပါလဲခင်ဗျာ။

ဖြေ။    အဒေါ်က ခဏခဏ ဒူးနာတယ်၊ ပေါင်နာတယ်၊ သွေးတိုးရောဂါရှိတယ်၊ ခေါင်းမူးတယ်၊ ဆေးကို အမြဲတမ်းသောက်နေရပါတယ်၊ ဆေးသောက်ရင်လည်း ခဏပဲသက်သာတယ်၊ အပြင်ဆေးခန်းတွေ သွားပြမယ် ဆိုရင်လည်း အဒေါ်အနေနဲ့ ပိုက်ဆံကအဲဒီလောက် မတတ်နိုင်ဘူးလေ၊ ဒါကြောင့် နယ်လှည့်ဆေးကုသအဖွဲ့တွေရောက်တုန်း အထူးကုတွေ၊ ဆရာဝန်ကြီးတွေနဲ့လာရောက်ပြသတာဖြစ်ပါတယ်၊ ဆရာဝန်နဲ့ သူနာပြုတွေကလည်း လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို စနစ်တကျဆောင်ရွက် ပေးပြီး ဆေးဝါးတွေကိုလည်းအခမဲ့ ပေးပါတယ်၊ ဒါ့အပြင် အန်တီတို့လို အခြေခံလူတန်းစားတွေနဲ့ ဆေးကုဖို့လာ‌ရောက်ကြသူတွေကို အခမဲ့ဆေးကုသပေးတဲ့အပြင် ဆန်နှင့် မီးဖိုချောင်သုံးပစ္စည်းတွေ ကိုပါ ထောက်ပံ့ပေးလို့ နိုင်ငံတော်အကြီးအကဲတွေနဲ့ ဆရာဝန်၊ သူနာပြုတွေရယ် တာဝန်ရှိသူများကို အထူးဘဲ ကျေးဇူးတင်မိပါတယ်လို့ပြောချင်ပါတယ်ရှင့်။

ဦးမောင်ကျန်လူ

(ဆားပြင်ကွင်း၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်)

မေး။   ဦးရဲ့ အမည်နဲ့ နေရပ်လိပ်စာလေးပြောပေးပါခင်ဗျာ။

ဖြေ။    ကျွန်တော်အမည်ကတော့ ဦးမောင်ကျန်လူ ဖြစ်ပါတယ်၊ ဆားပြင်ကွင်း၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်မှာ နေပါတယ်။

မေး။   ဟုတ်ကဲ့ ဦးအနေနဲ့ အခုလို အခမဲ့လာရောက်ဆေးကုသပေးနေတဲ့ဆရာဝန်တွေကိုရော ဘာပြောချင် ပါသလဲခင်ဗျာ။

ဖြေ။    အခုလို ဦးလေးတို့နေတဲ့ရပ်ကွက်ကို တပ်မတော်ကဆရာဝန်ကြီးတွေ၊ အထူးကုတွေပါတဲ့ ဆေးကု အဖွဲ့ လာရောက်ဆေးကုပေးလို့ အတိုင်းမသိဝမ်းသာမိပါတယ်၊ အပြင်ဆေးခန်းတွေကို ပြမယ်ဆိုရင် ဦးလေးတို့လို တော်ရုံလူတွေက မတတ်နိုင်ဘူးလေ၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က ဦးလေးတို့လို မုန်တိုင်းဘေးဒဏ်သင့်ခဲ့တဲ့ ရပ်ကွက်၊ကျေးရွာနေပြည်သူတွေကို အမဲ့ဆေး ကုသပေးတယ်၊ ဆေးဝါးတွေကိုလည်း အခမဲ့ပေးတယ်၊ ဆေးလာကုသူတွေအကုန်လုံးကိုလည်း ဆန်နဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးတယ်၊ နောက်နောင်လည်း မကြာခဏလာရောက်ပြီးကုသပေးရင်တော့ အတိုင်းမသိ ပိုလိုဝမ်းသာမိမှာပါ၊ ခုလိုမုန်တိုင်းဒဏ်ကြောင့် အခက်အခဲတွေဖြစ်နေချိန်မှာ အဘက်ဘက်ကကူညီပေးနေတဲ့ နိုင်ငံတော်အကြီးအကဲတွေကို ဒီကနေကျေးဇူးအထူးတင်ရှိပါတယ် လို့ ပြောချင်ပါတယ်ခင်ဗျ။

ဗိုလ်ကြီး ကျော်စံဝင်း

(သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့ အမှတ်(၆)၊ နယ်လှည့်ဆေးကုသရေးအဖွဲ့)

မေး။   ဗိုလ်ကြီးအမည်နဲ့ ရာထူးလေးမိတ်ဆက်ပေးပါခင်ဗျာ

ဖြေ။    ကျွန်တော်ကတော့ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့ အမှတ်(၆)၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က ဗိုလ်ကြီးကျော်စံဝင်း ဖြစ်ပါတယ်။

မေး။   ဗိုလ်ကြီးတို့ နယ်လှည့်ဆေးကုသရေးအဖွဲ့အနေနဲ့ ဘယ်နေ့ကစတင်ပြီးတော့ ဆေးကုသမှုတွေကို ဆောင်ရွက်ခဲ့ပါသလဲခင်ဗျာ။

ဖြေ။    ကျွန်တော်တို့ နယ်လှည့်ဆေးကုသရေးအဖွဲ့အနေနဲ့ ကျောက်ဖြူမြို့ကို မေလ ၁၆ ရက်နေ့မှာ စတင်အခြေပြုခဲ့ပြီး မုန်တိုင်းဒဏ်သင့် ရပ်ကွက်တွေကို လှည့်လည်ပြီးတော့ အခမဲ့ဆေးကုသမှု၊ ကျန်းမာရေး စောင့်ရှောက်မှုတွေပေးခဲ့ပါတယ်၊ ကျွန်တော်တို့အဖွဲ့ဟာ ဒီနေ့အထိ ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့တာဆိုရင် ဒေသခံပြည်သူ ၁၃၈၁ ဦးကို စောင့်ရှောက်မှုပေးခဲ့ပြီး ဖြစ်ပါတယ်ခင်ဗျ။

မေး။   ဗိုလ်ကြီးတို့ထံကို ဆေးလာရောက်ကုသမှုခံယူကြတဲ့အထဲမှာ ဘယ်ရောဂါတွေအများဆုံး တွေ့ရပါသလဲ ခင်ဗျာ။

ဖြေ။    ကျွန်တော်တို့ ဒီမှာအများဆုံးတွေ့ရတဲ့ရောဂါတွေကတော့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရိုး အကြောနှင့်ပတ်သက်တဲ့ရောဂါ တွေ့ရပါတယ်ခင်ဗျ၊ ဆေးကုသပေးတာကတော့ မုန်တိုင်းဒဏ်သင့်တဲ့ ရပ်ကွက်၊ ကျေးရွာတွေကိုသွားရောက်ကုသတယ်၊ လက်ရှိအချိန်ထိ ဆေးကုခဲ့တဲ့ နေရာ(၇)နေရာ၊ (၈)နေရာလောက်ရှိပြီးတော့ ဒေသခံပြည်သူတစ်ထောင်ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေး ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ လာရောက်ပြသကြတဲ့ လူနာတွေကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးတယ်၊ လူနာတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေကို အခမဲ့ပေးတယ်။ ဒါ့အပြင် ခုနှစ်ရက်စာပါတဲ့ ရိက္ခာထုပ်နဲ့ ရေသန့်တွေကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ် ခင်ဗျ။

ကျောက်ဖြူမြို့တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် လေပြင်းဒဏ်ခံစားခဲ့ရသောပြည်သူများအား ဆေးကုသမှုအခက်အခဲမရှိစေရန်အတွက် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့ အမှတ်(၆)၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ခွဲစိတ်အထူးကုပါရဂူ ဗိုလ်ကြီးထင်လင်း၊ အထွေထွေရောဂါကုသမှုဆရာဝန် ဗိုလ်ကြီးကျော်စံဝင်းနှင့် သူနာပြုများပါဝင်သည့်အဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှုများကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိရာ သွားနှင့်ခံတွင်းရောဂါခံစားနေရသူများ၊ မျက်စိဝေဒနာခံစားနေရသူများ၊ နာမကျန်းဖြစ်နေသူများနှင့် ကလေးသူငယ်များမှ လာရောက်၍ ဆေးကုသမှုခံယူလျက်ရှိပြီး နယ်လှည့်ဆေးကုသရေး အဖွဲ့မှ ဆရာဝန်များနှင့်တာဝန်ရှိသူများက လိုအပ်သည့် ဆေးဝါးများနှင့် ဆေးကုသပေးမှုများ (အခမဲ့) ဆောက်ရွက်ပေးလျက်ရှိသည်။

တွေ့ဆုံမေးမြန်းသူ- တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)