ကျောက်ဖြူ ဇွန် ၁၅
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့အဝင် ပင်လယ်ကမ်းခြေနေရာ၌ ကျင်းပပြုလုပ်သည့် မိုးရာသီ အုန်းပင်စိုက်ပွဲတော်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့ (၆)မှ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ကျောက်ဖြူမြို့အဝင် ပင်လယ်ကမ်းခြေနေရာ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် မိုးရာသီအုန်းပင်စိုက်ပွဲတော် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အုန်းပျိုးပင်ပေါက် ၁၀၀၀ ပင်အား သတ်မှတ်နေရာ အသီးသီးတွင် စိုက်ပျိုးခဲ့ကြသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ဂုံးချွိန်ကျေးရွာရှိ ဂုံးချွိန်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ဆရာတော်ဘဒ္ဒန္တခေမာစာရအား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းပြီး ၎င်းကျောင်းတိုက်အတွင်း သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့၊ အမှတ်(၆)မှ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှု၍ ဆေးကုသမှုခံယူနေသူများကို ဆန်၊ ရိက္ခာခြောက်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။ တင်ထွန်းဦး(ပြန်/ဆက်)