ဂွ ဇွန် ၁၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်များမှ အပတ်စဥ် စနေနေ့တိုင်း ဆောင်ရွက်မှုတွင် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်မှုအားနည်းသဖြင့် ဌာနဆိုင်ရာများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ ကိုဗစ် ကာကွယ်ဆေးထိုးနှံမှုအခြေအနေတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကာကွယ်ဆေးများထိုးနှံပေးမေသည့်အတွက် ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် ကျောင်းဖွင့်ရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးအတွက် ကျောင်းသား၊ကျောင်းသူစာရင်းများအား ပညာရေးဌာနအနေဖြင့် ကြိုတင်ပြုစုပေးထားရန်နှင့် ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် စီမံကိန်းရည်မှန်းချက်များအတွက် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန့်ဇင်အောင်က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ အနေဖြင့် မိမိတို့ မြို့ရွာလုံခြုံရေးအတွက် အသိနှင့်သတိရှိကြရန်လိုအပ်ကြောင်း၊ ဧည့်စာရင်းများစစ်ဆေးခြင်းများကိုလည်း အမြဲဆောင်ရွက်ကြရန် လိုအပ် ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ဌာနများမှ တာဝန်ရှိသူများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည် ဆွေးနွေခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်