မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ပြုလုပ်

တောင်ကုတ် ဇွန် ၁၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ကို ယမန်နေ့နေ့လယ်(၁၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ရွှေက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ပြောကြားပြီးနောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဌေးဌေးလွင်နှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခိုင်ဇာလင်း တို့က မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးအဖြစ် ဆွေးနွေးရာတွင် ယနေ့လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုပိုမိုများလာသည်ကို တွေ့ရှိရကြောင်း၊ လူငယ်များ လူညွန့်မတုံးစေရန် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူများအကြား ကျယ်ပြန့်စွာသိရှိစေရေးအတွက် ပညာပေးလှုံ့ဆော်ခြင်း၊ ဆေးကုသခြင်း၊ ပြန်လည်ထူထောင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ တောရောမြို့ပါမကျန် ရောက်ရှိပြန့်နှံ့နေသည့် မူးယစ်ဆေးဝါးကြောင့် လူငယ်များ မူးယစ်သားကောင်ဘဝ မကျရောက်စေရန် မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာများ၊ လက်ကားဒိုင်များ၊ လက်လီဖြန့်သည့် အရောင်းအဝယ်သမားများကို နှိမ်နင်းရှင်းလင်းရန် လိုအပ်ကြောင်း ဆွေးနွေးကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးသည် ပြည်သူများအား အသိပညာပေးရေးလုပ်ငန်းများကို လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ အများပြည်သူအသိပညာရရှိစေမည့် အစီအစဉ်များကိုရိုက်ကူး၍  Online မှတစ်ဆင့် ထုတ်လွှင့်ပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)