ပေါက်တော ဇွန် ၁၅
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရန် ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်ကလေး အဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နေ့လယ်ပိုင်းတွင် ရပ်ကွက်(၂)နှင့် ရပ်ကွက်(၃)သို့ သွားရောက်ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြသည်။
ထို့ပြင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလျှင် အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်နိုင်သောကြောင့် ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်(၂)နှင့် ရပ်ကွက်(၃)အတွင်းရှိ လူနေအိမ်များတွင် ထားရှိသည့် ရေစည်ပိုင်း၊ ရေတိုင်ကီ၊ စဉ့်အိုးများနှင့် ခြင်ခိုအောင်းနိုင်သော ရေတွင်းရေကန်များထဲသို့ အဘိတ်ဆေးများခတ်ပေးခြင်း၊ နေအိမ်များရှိ ဘုရားပန်းအိုးများကို ဖုံး၊သွန်၊လဲ၊စစ်များ ပြုလုပ်ပေးပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)