ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် စစ်တွေမြို့နှင့် အနီးပတ်ဝန်းကျင် ဒေသရှိပြည်သူများ၊ အာမခံအလုပ် သမားများကို ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်

စစ်တွေ  ဇွန်  ၁၅

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှဉီးဆောင်၍ ရွေ့လျားဆေးကုသယာဉ် MMU ဖြင့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ(MOCHA)ကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် စစ်တွေမြို့နှင့်အနီး ပတ်ဝန်းကျင်ဒေသရှိပြည်သူများ၊ အာမခံအလုပ်သမားများကို ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ရန် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ဉီးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သောရွေ့လျားဆေးကုသယာဉ် MMU (၁)စီးဖြင့် ဇွန်လ ၃ ရက်‌နေ့နံနက်ပိုင်းမှစတင်၍ သတ်မှတ် စုရပ်နေရာများတွင် ကွင်းဆင်းဆေးကုသခြင်းကိုဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ ၁၁၅၁ ဦး အား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ လမ်းညွှန်ကြီးကြပ်မှုနှင့် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများပါဝင်သည့် ရွေ့လျားဆေးကုသယာဉ်(၁)စီးသည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ် ချောင်းနွယ်ကျေးရာအုပ်စု ချောင်းနွယ်မင်ဂံဘုန်းတော်ကြီးတွင် ယာယီဆေးခန်းဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်သွားပေးလျက်ရှိသည်။

အလားတူ စစ်တွေမြို့နှင့်အနီးပတ်ဝန်းကျင်ဒေသများရှိပြည်သူများနှင့် အာမခံအလုပ်သမားများအား မုန်တိုင်းနောက်ဆက်တွဲကြောင့် ဖြစ်ပေါ်နိုင်သောဝမ်းပျက်၊ ဝမ်းလျှောခြင်းအပါအဝင် ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်းစသည့်ရောဂါများကိုကုသပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းကုသပေးခြင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပြီးနောက်ကြုံတွေ့ရနိုင်သည့် နောက်ဆက်တွဲရောဂါနှင့် ကျန်းမာရေးပြဿနာများကို ကြိုတင်ကာကွယ်ကုသပေးနိုင်ရေးနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)