မအီ ဇွန် ၁၅
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မြို့ပေါ်ရပ်ကွက်များရှိ သက်ကြီးဘိုးဘွားများအား " သုတဂဝေသီ ပညာရေးဖောင်ဒေးရှင်း " ဦးစီးနာယက၊ အရှင်ဥတ္တရဝံသ(သတဂဝေသီ)မှ လှူဒါန်းသည့် ထောက်ပံ့ငွေ၊ ဆေးဝါးနှင့် အာဟာရဖြည့်စွက်စာများကို မအီမြို့၊ "သဟာရက" လူမှုကူညီရေးအသင်းမှ လူငယ်များက ယမန်နေ့နေ့လယ်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဖော်ပြပါ လှူဒါန်းခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့သစ်၊ ရတနာမာရ်အောင်ဓမ္မရိပ်သာတွင် နေထိုင်သည့် အရှင်ဥတ္တရဝံသ(သုတဂဝေသီ)မှ လစဉ်ပုံမှန်လှူဒါန်းခြင်းမဟုတ်သော်လည်း ကျွန်တော်တို့ လူမှုကူညီရေးအသင်း လူငယ်အဖွဲ့ ရန်ကုန်ရောက်ဖြစ်တဲ့အခါ အလျဉ်းသင့်သလို ၂ လလျှင် တစ်ကြိမ်၊ ၃ လလျှင် တစ်ကြိမ် အခါအားလျော်စွာ လှူဒါန်းပါကြောင်း၊ မိမိဒေသ မအီမြို့ သို့ အရှင်ဥတ္တရဝံသကိုယ်တော်တိုင် ရောက်ရှိတဲ့ အခါများတွင်လည်း အလားတူ လှူဒါန်းခြင်းများ ကို ပြုလုပ်ပါကြောင်း " သဟာရက " လူမှုကူညီရေးအသင်းမှ ကိုဝင်းသက်လှိုင်က ပြောကြား သည်။
ထိုသို့ လှူဒါန်းသည့်အကြိမ်များတွင် ဘိုးဘွားဦးရေ ကွာခြားမှုရှိကြောင်း၊ ယနေ့လှူဒါန်းသည့် ဘိုးဘွားတစ်ဦးလျှင် ထောက်ပံ့ငွေ (၂၀၀၀၀)ကျပ်၊ ဆေးဝါးနှင့် အာဟာရဖြည့်စွက်စာများကို သက်ကြီးဘိုးဘွား ၂၁ ဦးတို့အား အိမ်တိုင်ရာရောက်လှူဒါန်းခဲ့ပါကြောင်း၊ ထိုသို့ လှူဒါန်းမှုများ အတွက် ဘိုးဘွားများကိုယ်စား သက်ကြီးအဘွားတစ်ဦးက ဆုတောင်းမေတ္တာပို့သ၍ သာဓု အနုမောဒနာ ခေါ်ဆိုခဲ့ကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)