မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ဘင်္ဂလီလူမျိုးများ၏ ဗလီကျောင်း အကျိုးတော်ဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီး “မိုခါ”မုန်တိုင်းကြောင့် ပျက်စီးသွားသော “တောင်သစ်” ဗလီကျောင်းသို့ သွားရောက်ကွင်းဆင်းကြည့်ရှု့

မြေပုံ ဇွန် ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက ဘင်္ဂလီလူမျိုးများ၏ ဗလီ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာ၌ပြုလုပ်သည်။

သဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ဘင်္ဂလီလူမျိုးများ၏ ဗလီကျောင်းများ အကျိုးတော်ဆောင် အဖွဲ့ဝင်များအား “မိုခါ”မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည် ထူထောင်ရေး ကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သော စားရေးရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများကို မှန်ကန်မြန်ဆန်စွာ ဖြန့်ဝေထောက်ပံ့လျက်ရှိကြောင်း၊ လေဘေးသင့်ပြည်သူများ စားရေးရိက္ခာဖူလုံစေရေးနှင့် အမိုးအကာ အောက်ရောက်ရှိရေး၊ မုန်တိုင်းကြောင့် ပျက်စီးသွားသော ဘာသာ၊ သာသနာဆောက်အဦများ၊ ပညာရေး၊ ကျန်းမာရေးအဆောက်အဦများ အမြန်ပြန်လည် ပြုပြင်ပြီးစီးရေးတို့ကို မြို့နယ်သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီက တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် ဗလီကျောင်းအကျိုးတော်ဆောင် ဦးကျော်သိန်းက မုန်တိုင်းကြောင့်ပျက်စီးသွားသော “တောင်သစ်” ဗလီကျောင်း၌ ဘုရားဝတ်ပြုရန် အခက်အခဲရှိနေကြောင်းနှင့် ပြန်လည်ပြုပြင်ရန်လည်း အခက်အခဲရှိနေကြောင်း တင်ပြပြောကြားသည်။

ထို့နောက် ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ဗလီကျောင်းအကျိုးတော်ဆောင်များနှင့်အတူ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသော မြေပုံမြို့၊ တောင်ပေါ်ရပ်ကွက်ရှိ ဘင်္ဂလီလူမျိုးများ၏ “တောင်သစ်” ဗလီကျောင်းသို့ သွားရောက်ကြည့်ရှု့ကာ အမြန်ဆုံးပြန်လည်ပြုပြင် ပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များကို မြို့နယ်သဘာဝဘေး ပြန်လည်ထူထောင်ရေး ကော်မတီနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် ပြောကြားကြောင်း သိရသည်။

တင်ဝင်း