ဒုတိယဗိုလ်ချုပ်ကြီးလူအေး ကျောက်ဖြူမြို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်း၊ မြို့ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ ပြန်လည်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေး

ကျောက်ဖြူ  ဇွန် ၁၄

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှစ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်းခဲ့ပြီး မြို့ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ ပြန်လည်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးသည်။         

ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက်ရှိ  ဗောဓိသိပ္ပံဘုန်းတော်ကြီးကျောင်းနှင့် စေတီတောင်ရပ်ကွက်ရှိ လူငယ်ဖွံဖြိုးရေးပရဟိတဂေဟာဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်၍ ဆရာတော်များအား ဖူးမျှော်ကြည်ညိုပြီး နဝကမ္မအလှူငွေနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ကာ  ၎င်းကျောင်းတိုက်များအတွင်း ဖွင့်လှစ်ထားရှိသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်းခဲ့ပြီး ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားသည်။

ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မြို့နယ်စည်ပင်သာရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်လျက်ရှိသည့် အစိုးရရပ်ကွက်၊ ပိတ်ဆို့နေသောရေနုတ်မြောင်းအား ယန္တရားဖြင့် ပြန်လည်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြုမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့်  မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်းများနှင့် သာသနိကအဆောက်အဦများ ပြန်လည်ပြင်ဆင် ပြုပြင်ရန်အတွက် ထောက်ပံ့ငွေ  ပေးအပ်သည့်အခမ်းအနားသို့ တက်ရောက်ပြီး သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဂေါပကများကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)