ပုဏ္ဏားကျွန်းမြို့၌  အသံမစဲ မဟာပဋ္ဌာန်းဒေသနာတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ပုဏ္ဏားကျွန်း ဇွန် ၁၃

ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်၏ အစီအစဉ်ဖြင့် အသံမစဲမဟာပဋ္ဌာန်းဒေသနာတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့နံနက် (၈)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက် မြို့မပရိယတ္တိကျောင်းတိုက် မြေညီ ထပ်၌ ကျင်းပခဲ့သည်။

အဆိုပါ မဟာဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲသို့ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့ကြပြီး၊ မဟာပဋ္ဌာန်းဒေသနာတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ ပဌာန်းရွတ်ဖတ် ပူဇော်တဲ့ ရဟန်းတစ်ပါးက ရောင်ခြည်တော်ခြောက်ပါး ဘုရားပင့်ဂါထာဖြင့် ရွတ်ဆိုပင့်လျှောက်ထား ပြီး လူပရိတ်များက ကျောင်းတိုက်ဆရာတော်ကြီးထံမှ ငါးပါးသီလကို ခံယူဆောက်တည်ခဲ့ကြသည်။

ဆက်လက်၍ သံဃာတော်တစ်ပါးက ပဌာန်းတရားနားကြားရန် နတ်ဗြဟ္မာတို့ကို ပင့်ဖိတ်၍ ကျောင်းတိုက်ဆရာတော်ကြီးထံမှ ဩဝါဒခံယူပြီး ပဌာန်းဒေသနာ ရွတ်ဖတ်နှိုးဆော်လွှာကို ရဟန်းတစ်ပါးက ဖတ်ကြားပေးကာ သံဃာတော်အရှင်သူမြတ်တို့က ပဌာန်းပဠိတော် ပစ္စယုဒွေသနှင့် ပစ္စယနိဒ္ဒေသတို့ကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ထို့နောက် ယမန်နေ့ ညနေ(၅)နာရီအချိန်တွင် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပေးပြီး၊ ရေစက်သွန်းချအမျှပေးဝေကာ နတ်ဗြဟ္မာများကို ပြန်ပို့၍ ဗုဒ္ဓသာသနံ စိရံ တိဌာတု သုံးကြိတ်ရွတ်ဆို ဆုတောင်းကာ မဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

  နီထွန်းအောင်(ပြန်/ဆက်)