ကျောက်ဖြူမြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီကာလတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့်စံပြကွက်များပြုလုပ်ရန်အတွက် မျိုးစပါးများထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

ကျောက်ဖြူ   ဇွန်   ၁၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီကာလတွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းနှင့် စံပြကွက်များ ပြုလုပ်ရန်အတွက် မျိုးစပါးများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက  ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီကာလတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များဆောင်ရွက်ပြသနိုင်ရန်အတွက် လိုအပ်သော မျိုးကောင်းမျိုးသန့်မျိုးစေ့များကို တောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက  မိုးစပါး(၁) ဧက အထွက်နှုန်းတိုးတက်စေရေးအတွက် တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုး လာကြရန်နှင့် မြို့နယ်၏ မိုးစပါး စိုက်ဧကများ လျော့နည်းမှုမရှိစေဘဲ ဧကပြည့်စိုက်ပျိုးရေးတို့ကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် ကျေးရွာများဖြစ်သည့် ဝမျှောင်ကျေးရွာ၊ ကုန်ဘောင်ကျေးရွာ၊ မူရွင်းကျေးရွာနှင့် စနဲ-မင်းပြင် ကျေးရွာများမှ တောင်သူများအား ဆင်းရွှေလတ်၊ ဆင်းသုခနှင့် ပေါ်ဆန်းရင် မျိုးကောင်းမျိုးသန့်မျိုးစေ့ များအား တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ရာ တောင်သူများမှ လက်ခံရယူခဲ့ကြသည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီကာလတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များ ပြုလုပ်ရန်အတွက် မျိုးစပါးများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်/မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး (ပြန်/ဆက်)