မိုင်းဆတ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ ဦးရေပေါင်း (၉၀၀၀)ကျော် တက်ရောက်ပညာသင်ကြား

မိုင်းဆတ် ဇွန် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် အခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ်အတွင်းရှိ ကျောင်းများအားလုံးဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိရာ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း(၉၀၀၀)ကျော် စိတ်အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

မိုင်းဆတ်မြို့နယ်တွင် အ.ထ.က (၂)ကျောင်း၊ အ.ထ.က ခွဲ(၃)ကျောင်း၊ အလယ်တန်း(၄)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၃)ကျောင်း၊ မူလွန်(၁၅)ကျောင်း၊ အမက(၅၁)ကျောင်းနှင့် အမကခွဲ(၁၈)ကျောင်း အခြေခံပညာကျောင်းပေါင်း(၉၆)ကျောင်းရှိရာ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၈၀၀၇)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၃၆၀)ဦး၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅၆၆)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၉၉၃၃)ဦး စိတ်အေးချမ်းသာစွာ ပညာသင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းလုံခြုံရေးဆိုင်ရာများကို နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ တာဝန်သိပြည်သူများနှင့် ကျောင်းသားမိဘ များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျောင်းတက်/ကျောင်းဆင်း အချိန်များ၌ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ယာဉ်ကြောရှင်းလင်းရေးလုပ်ငန်းများကို နေ့စဉ်ကူညီ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)