မြေပုံမြို့သို့ ထပ်မံရောက်ရှိလာမည့် ထောက်ပံ့ပစ္စည်း(၆)မျိုးအား လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြေပုံ ဇွန် ၇

ပြည်တွင်းရေကြောင်းပိုင် “ကုလားတန်(၅)” ရေယာဉ်ဖြင့် ထပ်မံရောက်ရှိလာမည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ လှူဒါန်းထားသည့်ပစ္စည်းများ မြေပုံမြို့သို့ရောက်ရှိပါက လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ အမြန်ရောက်ရှိနိုင်ရေးအတွက် ဗိုလ်မှူးချုပ်ကျော်ကျော်စိုးနှင့် မြို့နယ်စားရေးရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ဖြန့်ဖြူးရေးကော်မတီဝင်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဧည့်ရိပ်သာ၌ ညှိနှိုင်းဆွေးနွေးသည်။

မြေပုံမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ‌ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်များ၊ စားရေးရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ဖြန့်ဖြူးရေးကော်မတီဝင်များသည် မြေပုံမြို့နယ်အတွက် ထပ်မံရောက်ရှိမည့် ဆန်(၁၉၁၈)အိတ်၊ ငါး သေတ္တာ(၃၀)ဘူး၊ ရေသန့်(၀.၅)လီတာဆန့်(၆၀)ကပ်၊ ခေါက်ဆွဲခြောက် (၁၄၆) ဖာ၊ ကော်ဖီ(၄)ဖာ၊ ငါးမန်းလွှ (၄)လက်တို့အား သင်္ဘောပေါ်မှ တင်ယူဖွင့်ဖောက်စစ်ဆေးပြီး လေဘေးသင့် ပြည်သူလက်ဝယ်သို့ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်ရေး ဆွေးနွေးခဲ့ကြပြီး ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် စနစ်တကျ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။

တင်ဝင်း