ဂွ ဇွန် ၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသော ခြင်များ ပေါက်ပွားမှု မရှိစေရေး ကြိုတင်ကာကွယ် နှိမ်နင်းရေး ဖြစ်သည့် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ခြင်း၊ ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကင်းရုံးရပ်ကွက်များ အတွင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားပါက အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်နိုင်သောကြောင့် ကြိုတင်ကာကွယ်ရေးအတွက် ကင်းရုံးရပ်ကွက်အတွင်းရှိ ရေတွင်းရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ဘုရားပန်းအိုးများ၊ သုံးရေအိုးများ စသည်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ခြင်ပေါက်ပွားမှုမရှိစေရေး မိုးရေတင်ကျန် နိုင်သည့် ဖော့/ပလပ်စတစ် ဗူးခွံများ၊ အိုးခွက်၊ ပန်းကန်ခွက်များ၊ တာယာဟောင်းများအတွင်းတွင် ရေတာရှည်စွာ မတင်နိုင်စေရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်