မောင်တော ဇွန် ၇
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများနှင့်အတူ မုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများအတွင်း ယာယီတဲများ တည်ဆောက်နေမှုများနှင့် ယာယီတဲအတွင်း ပြည်သူများနေထိုင်နေမှုအား ယမန်နေ့ နေ့လယ်ပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံကြည့်ရှုခဲ့ကြသည်။
မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး နေအိမ်များပြိုလဲပျက်စီးခဲ့သော ကျောက်ပန္ဒူကျေးရွာ၊ အင်းဒင်ကျေးရွာ ၊ပဲရုံကျေးရွာ၊ အောင်သုခကျေးရွာနှင့် မြိုယုကျေးရွာများ တွင် ထောက်ပံ့ပေးအပ်ထားသော ယာယီတဲများအား သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၀င်များက ကူညီဆောက်လုပ်ပေးလျက်ရှိသဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများသည် အဆိုပါ ကျေးရွာသို့ သွားရောက်ကြည့်ရှုပြီး ဆက်လက်တည်ဆောက်လျက်ရှိသော ယာယီတဲများ ဆောက်လုပ်နေမှုနှင့် ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား လှည့်လည်ကြည့်ရှုရာ ယာယီတဲများအတွင်း နေထိုင်လျက်ရှိကြသော ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အားပေး စကားပြောကြားကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။ ယင်းနောက် အင်းဒင်ကျေးရွာအုပ်စု အောင်သုခကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညိုပြီး ယာယီ သီတင်းသုံးနိုင်ရန်အတွက် လေဘေးကြောင့် ပြိုလဲပျက်စီးခဲ့သော ကျောင်းတော်ကြီးအားပြုပြင်နိုင်ရေး လိုအပ်သည်များအား ကူညီဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)