ကျောက်ဖြူ ဇွန် ၆
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ ရမ္မာဝတီ ခန်းမ၌ ကျင်းပပြုလုပ်သည့် မုန်တိုင်းသင့် ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံကာ ထောက်ပံ့ငွေ ပေးအပ်ခဲ့ပြီး ပြန်လည်ထုတ်ပေးမှုအား ဒေသခံပြည်သူများထံသို့ စနစ်တကျ ကြပ်မတ် ထုတ်ပေးသွားရန် လမ်းညွှန်မှာကြားသည်။
အခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်ကြီး လူအေးက နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို ကျောက်ဖြူမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၁၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၆)အုပ်စု တို့မှ မုန်တိုင်းသင့်ပြည်သူများကို ပထမအကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ကျန်ရှိသည့် ရပ်ကွက်/ ကျေးရွာများမှ အိမ်ထောင်စုများသို့ ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း စနစ်တကျ ထောက်ပံ့ပေးအပ်ပြီး ဆောင်ရွက်ပြီးစီးမှုကို အထောက်အထားနှင့်တကွ ပြန်လည်တင်ပြရန် ဆွေးနွေးမှာကြားသည်။ ထို့နောက် မြို့ပေါ်ရပ်ကွက် (၁၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၆)အုပ်စုတို့မှ လူဦးရေ(၈၈၀၁)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကို ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန် ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြသည်။ ယင်းနောက် မုန်တိုင်းသင့်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး ဒုတိယဗိုလ်ချုပ်ကြီး လူအေးမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)