သံတွဲမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

သံတွဲ  ဇွန်  ၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ် ဇွန်လ(၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို  ယမန်နေ့ မွန်းလွဲ ၂ နာရီ က သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍  ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့ သည့် Video Clip နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Video Clip တို့ကို ပြသခဲ့သည်။

ထို့နောက် သံတွဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ခရိုင်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု၊ သံတွဲခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ (Solutions to plastic pollution ) ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင်  ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများအား အသီးသီးပေးချီးမြှင့် ခဲ့ကြသည်။ 

အခမ်းအနား အပြီးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာန ဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ ဆုရရှိသော ကျောင်းသား၊ကျောင်းသူများသည် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ ပြသထားသည့် ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်း ဓါတ်ပုံ များ၊ အသိပညာပေးလုပ်ငန်း မှတ်တမ်းပုံများနှင့် ရေထုအရည်အသွေး တိုင်းတာခဲ့သည့် မှတ်တမ်းပုံများ၊ နံရံကပ် ပိုစတာများ၊ ရေထုတိုင်းတာရေး စက်ကိရိယာ ပစ္စည်းများကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြရာ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးနိုင်က ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)