မာန်အောင် ဇွန် ၆
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အဆိုပါ ဘဏ်ခွဲ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်မှ တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းတွင် အထောက်အကူဖြစ်စေရန် ချေးငွေများကို နှစ်စဥ်ထုတ်ချေးပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် ချေးငွေများကို မိုးသီးနှံ စိုက်ပျိုးစရိတ်အတွက် အကျိုးရှိစွာ သုံးစွဲကြရန် လိုကြောင်း ပြောကြားပြီး မာန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးအေးသိန်းက မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက တောင်သူတစ်ဦးချင်းစီအလိုက် ချေးငွေများ ထုတ်ပေးရာ တောင်သူများက လက်ခံရယူခဲ့ကြသည်။
ထိုသို့ ထုတ်ချေးရာတွင် နှစ်စဥ်ချေးငွေများ အားလုံးပြေကျေသည့် တောင်သူများကိုသာ ထုတ်ချေးခြင်းဖြစ်ပြီး (၂၀၂၃) ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ထုတ်ချေးငွေကို မာန်အောင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု(၃၆)အုပ်စုရှိတောင်သူများအား (၃၈၂၃၈.၀၀)သိန်း ထုတ်ချေးပေးရန် လျာထားပြီး ယခုအခါ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ် (ရုံးချုပ်) မှ ကနဦးခွင့်ပြုငွေ ကျပ် (၁၀၅၀၀)သိန်း ရရှိထားပြီးဖြစ်ရာ ရန်အောင်မြင်ရပ်ကွက်ရှိ တောင်သူ ၁၂ ဦး၊ လယ်ဧက (၄၁) ဧက အတွက် တစ်ဧက (၁၅၀၀၀၀)ကျပ် နှုန်းဖြင့် ငွေကျပ် (၆၁.၅၀) သိန်းကိုလည်းကောင်း၊ စွန်ပန်းချောင်းကျေးရွာအုပ်စုမှ တောင်သူ ၇၀ ဦး၊ လယ်ဧက (၃၀၅) ဧက အတွက် ငွေကျပ် (၄၅၇.၅၀) သိန်းကိုလည်းကောင်း၊ ချေးငွေစုစုပေါင်း (၅၁၉.၀၀)သိန်း ထုတ်ချေးပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများ စုစုပေါင်း(၉၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)