တောင်ကုတ်မြို့နယ်၌ မိုးစပါး မျိုးစေ့နှင့်ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

တောင်ကုတ်   ဇွန်   ၆

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးစပါးမျိုးစေ့ထုတ်၊ စံပြကွက်၊ စမ်းသပ်ကွက် စိုက်ပျိုးထုတ်လုပ်မည့် တောင်သူများအား မိုးစပါးမျိုးစေ့နှင့်ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က အမှာစကားပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းက မိုးစပါးမျိုးစေ့နှင့် ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် တာဝန်ရှိသူများက မိုးစပါးမျိုးစေ့ထုတ် တောင်သူ(၄၂)ဦးသို့ ယူရီးယားဓာတ်မြေဩဇာနှင့် ဆင်းသွယ်လတ်၊ ဆင်းသုခနှင့် ပေါ်ဆန်းရင်မျိုးစပါးများကိုပေးအပ်ရာ တောင်သူများကိုယ်စား ဦးလှတင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တောင်သူများတက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)