ပုဏ္ဏားကျွန်း ဇွန် ၆
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တပ်မတော်မှ ကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့ စမြုံတော်ဓာတ် စေတီ ဘုရားတွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် သာသနာ့အဆောက်အအုံများအား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် အခြေခံပညာ ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ သာသနာ့အဆောက်အအုံများအား ဖယ်ရှားရှင်းလင်းခြင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက် အားတိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။
အလားတူ ယမန်နေ့က ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းရပ်ကွက်တွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအား တပ်မတော်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဗိုလ်မှူးကြီး ရဲထွန်းဝင်း ဦးစီး၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူ ဗိုလ်ကြီး ဝေတိုးသူ ဦးဆောင်သော ဆေးကုသရေးအဖွဲ့မှ အခမဲ့ ကျန်းမာရေးစောင့်ရှောက် ပေးခြင်း၊ သန့်ရှင်းသော သောက်သုံးရေများ သောက်သုံးနိုင်ရန်အတွက် တပ်မတော်ရေသန့်စင် မော်တော်ယာဉ်ဖြင့် သောက်ရေသန့်များ ထုတ်လုပ်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)