အမ်း ဧပြီ ၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ ကျေးလက်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်များအတွင်းရှိ အသက် (၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စတင် ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် အောက်ရွာကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့၌ ဆောင်ရွက်ခဲ့ရာတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက်ကလေးများအား အဆုတ် ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ နမိုးနီးယားကာကွယ် ဆေး၊ ပိုလီယိုသောက်ဆေးနှင့်ထိုးဆေး၊ မေးခိုင်ရောဂါ ကာကွယ်ဆေး၊ ဝမ်းရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို အလှည့်ကျစနစ်ဖြင့် ရပ်ကွက်/ ကျေးရွာများသို့ကွင်းဆင်း၍ ကျန်းမာရေးဝန်ထမ်းများက အကြိမ်ရေအလိုက် ထိုးနှံပေးလျက်ရှိသည်။
ဆက်လက်၍ အမ်းမြို့နယ်စခမ်းမော်အုပ်စုရှိ ကျန်းမာရေးဌာနခွဲ၌လည်း ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးများထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)