ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့်အဖွဲ့ဝင်များသည် ပုဏ္ဏားကျွန်းမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများအား တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ပုဏ္ဏားကျွန်း  ဇွန် ၅

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တင်လတ်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီတို့သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းတပ်နယ်ရှိ မုန်တိုင်းသင့် နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား တပ်နယ် ခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြား၍ စားသောက်ဖွယ်ရာများ၊ လူးသုံးကုန်ပစ္စည်းများ၊ ဒံပေါက် ထမင်းဘူးများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုရေးအဖွဲ့ အစည်းများအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံ အားပေးစကားပြောကြားပြီး၊ စားသောက် ဖွယ်ရာ ပစ္စည်းများနှင့် ဒံပေါက်ထမင်းဘူးများ ပေးအပ်လှူဒါန်းပေးသည်။

ဆက်လက်၍ ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းရပ်ကွက်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံ ပြည်သူများအား အခမဲ့ ဆေးကုသပေးနေမှုများ၊ သောက်ရေသန့် ဖြန့်ဝေပေးနေမှုများကို ကြည့်ရှုအားပေးပြီး၊ ရွာဟောင်းရပ်ကွက်ရှိ ပြည်သူများ၊ ပုဏ္ဏားကျွန်းမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေး စကားများ ပြောကြားကာ ဒံပေါက်ထမင်း ဘူးများ ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)